ABSDF ခေါင်းဆောင်တွေ ပြည်တွင်းခရီးစဉ် သတင်းစာရှင်းလင်းပွဲ ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဌ ဦးသံခဲ ဦးဆောင်တဲ့အဖွဲ့ဝင် ၉ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၄နှစ် တာကာလအတွင်း မြန်မာနိုင်ငံကို ပထမဦးဆုံး အကြိမ် လာရောက်တဲ့ သီတင်းနှစ်ပတ်ကျော် ခရီးစဉ်နဲ့ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းမှာ ရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဇန်နဝါရီ ၃ရက်နေ့က ကျင်းပစဉ် Photo: RFA/Thiha Tun

မြန်မာနိုင်ငံခရီးစဉ်ကို လာရောက်ရတဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ခဲ့တယ်လို့ ABSDF ဥက္ကဌ ဦးသံခဲက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"ကျနော်တို့ ခရီးစဉ်က ရည်ရွယ်ချက်သုံးချက်နဲ့ လာခဲ့တာဖြစ်ပါတယ် (၁)ဒီခရီးစဉ်အတွင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လေ့လာဖို၊့ (၂)မကဒတရဲ့ အနာဂတ်နိုင်ငံရေး အခန်းကဏ္ဍအတွက် အမြင်သဘောထားတွေကို စုစည်းဖို့၊ (၃)၂၄နှစ် ၂၅နှစ်တိုင်တိုင် ဝေးကွားနေခဲ့ကြတဲ့ မိသားစုတွေ မကဒတရဲဘော်ဟောင်းတွေနဲ့ တွေ့ဆုံဖို့ဖြစ်ပါတယ်၊ ကျနော်တို့အနေနဲ့ ၂ပတ်ကျော်ကြာပြီးမှာ ခရီးစဉ်ရည်ရွယ်ချက် ၃ချက်စလုံးကို အများစုအကောင်အထည်ဖော်နိုင်ခဲ့တာမို့ ဒီခရီးစဉ်အပေါ် ကျနော်တို့ အားရကျေနပ်မိပါတယ်"

အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံတော်တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့လုပ်ငန်းစဉ်တွေမှာ ABSDF အနေနဲ့ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လိုတဲ့ သဘောထားအပြည့်အဝရှိတယ်လို့လည်း ဦးသံခဲ က ပြောပါတယ်။

ဒီကနေ့ အခမ်းအနားမှာ ABSDF ဥက္ကဌ ဦးသံခဲ၊ အထွေထွေအတွင်းရေးမှူး ဦးဆန်နီ၊ ဒေါ်မိဆူးပွင့်အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ် ၅ဦးဟာ သတင်းမီဒီယာသမားတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org