ABSDF ခေါင်းဆောင်တစ်ဦး အဖမ်းခံရ


2016.12.29
kominhtay-absdf-620.jpg မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမင်းဌေး ကို တွေ့ရစဉ်
Photo : Ko Min Htay (facebook)

အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင်  မြောက်ပိုင်းဒေ သ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းဌေး ကို မနေ့က ဗန်မော် - လွယ်ဂျယ် ကားလမ်းပေါ်မှာရှိတဲ့ စိန်လွယ် စစ်ဆေးရေးဂိတ်မှာ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ABSDF အဖွဲ့က အတည်ပြုပြောပါတယ်။

ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ABSDF အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဆန်နီ က အတည်ပြု ပြောပါတယ်။

"ဖြစ်စဉ်ကတော့ မနေ့ည ၉  နာရီ လောက်မှာ ကျနော် သိရပါတယ်။ သိရတာက ABSDF မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ရဲဘော် မင်းဌေး ကို ဗန်မော်ကနေ လွယ်ဂျယ် ကားလမ်းပေါ်မှာ စိန်လွယ် ဗျူဟာကနေပြီးတော့မှ ခေါ်ထားတယ်လို့ သိရ ပါတယ်။ သတင်းအသေးစိတ်ကိုတော့ ကျနော်တို့ ဆက်လက်စုံးစမ်းနေဆဲဖြစ်ပါတယ်။ သူက ဒီဗဟိုကော် မတီတစ်ဦး ဖြစ်တဲ့အလျောက် ကျနော်တို့ ပြီးခဲ့တဲ့တစ်ပတ်က ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေ ဆောင်ရွက်ဖို့အတွက်၊ လူထုတွေ့ဆုံပွဲတွေ ဆောင်ရွက်ဖို့အတွက် မဲဆောက်ကို အစည်းအဝေး လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုင်ဇာကိုအပြန်မှာ ဒီလိုလမ်းမှာ ဖြစ်သွားပါတယ်"

ဖမ်းဆီးခံခဲ့ရသူ ဦးမင်းဌေးဟာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်နိုင်ဖို့အတွက် ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့မှာ အစည်းအဝေးလာတက်ပြီး ကချင်ပြည်နယ် လိုင်ဇာမြို့ကိုအပြန် လမ်းခရီးမှာ ဖမ်းဆီးခံခဲ့ ရတာဖြစ်ပါတယ်။

သူ့ကိုဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဦးဆန်နီက ပြောပါတယ်။

ဦးမင်းဌေး လွတ်မြောက်ရေးအတွက် တပ်မတော်က တပ်မှူးတွေနဲ့ ဆက်သွယ်ပြီး ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်နေတဲ့အပြင် အစိုးရတာဝန်ရှိသူတွေနဲ့လည်း ဆက်သွယ်နေကြောင်း သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ဦးမင်းဌေး ဟာ Hollywood ရုပ်ရှင်မင်းသား Sylvester Stallone နဲ့ မြန်မာနိုင်ငံအကြောင်း ရိုက်ကူးထားတဲ့ Rambo 4 ရုပ်ရှင်ဇာတ်ကားမှာ တပ်မတော် စစ်ဗိုလ်တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။