ကျဆုံးရဲဘော်တွေကို ABSDF ဂုဏ်ပြု
2014.02.08

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဖြတ်သန်းမှု ၂၅ နှစ်တာအတွင်း ကျဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ကယားပြည်နယ် လွိုင်ကော်မြို့ ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။
ကျဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေအတွက် အခုလို အခမ်းအနားနဲ့ ဂုဏ်ပြုပွဲကျင်းပတာ ဖြစ်တယ်လို့ ABSDF ဥက္ကဌ ကိုသံခဲက ပြောပါတယ်။
“၂၅ နှစ်တာအတွင်းမှာ ကျဆုံးသွား ကျနော်တို့ရဲ့ ရဲဘော်တွေကို ဂုဏ်ပြုတယ်၊ နောက်တစ်ခု ကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို သူတို့ရဲ့ သားသမီးတွေ၊ ညီအစ်ကို မောင်နှမတွေဟာ အခုလို ဒီမိုကရေစီတိုက်ပွဲမှာ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့ပြီး ကျဆုံးသွားတဲ့အပေါ်မှာ အသိအမှတ်ပြုတာလည်း ဖြစ်ပါတယ်”
ဒီနေ့ဂုဏ်ပြုမှတ်တမ်း ပေးအပ်ပွဲဟာ ကယားပြည်နယ်မှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၃၄ ဦးကို ရည်စူးပေးအပ်တာဖြစ်ပြီး လာမယ့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အလားတူအခမ်းအနား ကျင်းပသွားမယ်လို့ သိရပါတယ်။
၂၅ နှစ်အတွင်း ကျဆုံးသွားကြတဲ့ ABSDF အဖွဲ့ဝင် ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဒီနေ့အခမ်းအနားကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ)၊ ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ရ.လ.လ.ဖ)၊ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းစတဲ့ အဖွဲ့ ၁ဝ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။
ဒီနေ့ အခမ်းအနားနဲ့ ပတ်သက်လို့ ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။