၈ လေးလုံး အခမ်းအနား တရုတ်နယ်စပ်မှာလည်း ကျင်းပ
2016.08.08

၈ လေးလုံးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ဒီနေ့ မြန်မာနိုင်ငံ နေရာအတော်များများမှာ ကျင်းပကြသလို တရုတ်မြန်မာနယ်စပ် ABSDF မြောက်ပိုင်း ဗဟိုဌာနချုပ်မှာလည်း ကျင်းပကြပါတယ်။
ဒီနေ့မနက် ၁၀ နာရီက ABSDF မြောက်ပိုင်း ဂျန်ထုံလခွမ်းဘွမ် ဌာနချုပ်မှာ မဟာမိတ်တွေဖြစ်ကြတဲ့ ကေအိုင်အေ နဲ့ AA ရက္ခိုင့်တပ်မတော် အဖွဲ့အစည်းတို့ကို ဖိတ်ကြားပြီး ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ABSDF မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ရဲဘော် လဆိုင်း က ပြောပါတယ်။
"ဒီနေ့ လက်ရှိသွားနေတဲ့ အခြေအနေက ကျနော်တို့ဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီးမှ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် ကြိုးစားနေတဲ့ကာလလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်၊ တဘက်က NCA လက်မှတ်ထိုးထားသလို တဘက်ကလည်း ကျောင်းသားတပ်မတော်အနေနဲ့ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်း အသီးသီးနဲ့ အတူတကွ လက်တွဲပူးပေါင်းပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့ အတွက် ကျနော်တို့ ကြိုးပမ်းနေတဲ့ကာလ ဖြစ်ပါတယ်"
၁၉၈၈ ခုနှစ် အရေးတော်ပုံကနေပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဟာ ဦးတည်ချက် လေးရပ်နဲ့ မြန်မာနိုင်ငံ တောင်ပိုင်း၊ မြောက်ပိုင်း၊ အနောက်ပိုင်းဒေသတွေမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
အခမ်းအနားမှာ အဖွဲ့အစည်းအသီးသီးကပေးတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားကြသလို နံရံကပ် ဓါတ်ပုံ၊ ကာတွန်းနဲ့ ကဗျာတွေကို ပြသထားတာလဲရှိပါတယ်။ ဒီနေ့အခမ်းအနားမှာ တက်ရောက်သူ ၁၀၀ ကျော် ၂၀၀ နီးပါး ရှိပါတယ်။