ပူတာအို စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် နေရပ်ပြန်

2022.04.01
ပူတာအို စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် နေရပ်ပြန် ပူတာအိုပြန်မည့် စစ်ဘေးဒုက္ခသည်များအား မြစ်ကြီးနားမြို့ မနောကွင်းတွင် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: Karuna Mission Social Solidarity - Caritas Myanmar

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြား ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း ဒီနှစ် ဖေဖော်ဝါရီလထဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရတဲ့ အရပ်သား ၆၅၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။

တိုက်ပွဲကြောင့် ပူတာအိုမြို့နယ် ဆွမ်ပီယာန်၊ လုံရှာယာန်၊ အင်စီယာန်၊ ဖတ်မာ စတဲ့ ရွာ တွေက အရပ်သားတွေဟာ ပူတာအိုမြို့ပေါ်၊ မြစ်ကြီးနားမြို့ပေါ်နဲ့ နီးစပ်ရာတောတောင် တွေထဲကို ထွက်ပြေးခဲ့ကြတာပါ။ အခုတော့ အဲဒီထဲက အရပ်သား ၄၀၀၀ ဝန်းကျင် နေရပ် ပြန်လာပြီလို့ ကူညီပေးနေသူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

ဒီလိုနေရပ်ပြန်နိုင်ဖို့ ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)၊ မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များကောင်စီအဖွဲ့ (MCC) နဲ့ ကချင် အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR) တို့ဟာ စစ်ကောင်စီနဲ့ KIA တို့ကို ညှိနှိုင်းခဲ့ရပါတယ်။

"တိုက်ပွဲတွေ ပြန်ဖြစ်မလားဆိုတာကို ပြန်ပြီးစိုးရိမ်တာပေါ့၊ အဲဒါကြောင့် မပြန်ဖြစ်သေးတာ"

စစ်ဘေးဒုက္ခသည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အမြန်ဆုံးနေရပ်ပြန် နိုင်ဖို့ ကူညီခဲ့တာလို့ PCG အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက RFA ကို ပြောပါတယ်။

“သူတို့ စားဝတ်နေရေးကအစ ကျန်းမာရေးက တစ်ဖုံပေါ့လေ အမျိုးမျိုး ဒုက္ခဆင်းရဲ ရောက်နေတာ ကြားသိရတော့ ကျွန်တော်တို့ PCG ရယ်၊ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ခရစ်ယာန်ကောင်စီအဖွဲ့တွေ အားလုံးပေါင်းစည်းပြီး ကျွန်တော်တို့ ကော်မတီတစ်ရပ် ပြန်ဖွဲ့တယ်။ ပြီးတော့ သက်ဆိုင်ရာ အစိုးရဌာနတွေ အားလုံး၊ တပ်မတော် အားလုံးကို ကျွန်တော်တို့ စာနဲ့ ဒီလိုတိမ်းရှောင်နေတဲ့ ပြည်သူလူထုတွေကို ကိုယ့်ရပ်ရွာကို ပြန်နိုင် အောင် ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့အပေါ် အစိုးရဘက်ရော၊ တပ်မ တော်ဘက်ကရော သက်ဆိုင်ရာဘက်ကရော ခွင့်ပြုချက်ရတာ”

ကျန်ရှိနေသေးတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ဧပြီ ၅ ရက်နေ့လောက်မှာ နေရပ်ပြန်လာ ကြဖို့ ရှိတယ်လို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် တိုက်ပွဲတွေ ထပ်မဖြစ်အောင် ညှိနှိုင်းခဲ့ တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ညှိနှိုင်းတဲ့နေရာမှာကတော့ လောလောဆယ် တိုက်ပွဲတွေမဖြစ်အောင်ပေါ့၊ နှစ်ဖက် တိုက်ပွဲမဖြစ်အောင် ညှိနှိုင်းပေးတာပဲ ဖြစ်ပါတယ်။ ကေအိုင်အေနဲ့ စစ်ကောင်စီကလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ မဟုတ်ကြဘူး။ ဆိုတော့ တစ်ဖက် ဖက်ကနေ လှုပ်ရှားလာရင်တော့ တိုက်ပွဲကတော့ဖြစ်ဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ အတတ် နိုင်ဆုံး ပြည်သူလူထုရှိတဲ့ဘက်ကို တိုက်ပွဲမဖြစ်အောင် သတိထားဖို့တော့ ပြောထားတာ ရှိပါတယ်”

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပူတာအိုမြို့နယ် ဆွမ်ပီယာန် ကျေးရွာအနီးက စစ်တပ်စခန်းကို KIA က သိမ်းယူလိုက်တာကနေ ပူတာအိုမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်လအတွင်း ပူတာအိုမြို့နယ်မှာ ၁၀ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်လုပ်ခဲ့တယ်လို့ KIA ရဲ့ အချက်အလက် တွေအရ သိရပါတယ်။

တိုက်ပွဲတွေအတွင်း ဆွမ်ပီယာန်ကျေးရွာက နေအိမ် ၉ အိမ် မီးလောင်ပျက်စီးခဲ့ပြီး အရပ် သား ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို နေရပ်ပြန်ခဲ့ပေမယ့် စစ်တပ်က အင်အားတိုးချဲ့နေတယ်လို့ သတင်းတွေကြားရတာ ကြောင့် မလုံမခြုံဖြစ်နေတယ်လို့ လုံရှာယာန်ရွာက ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။

“ကျေးရွာက လူတွေက တော်တော်များများ စိုးရိမ်တာရှိတာပေါ့၊ ဟိုဆွမ်ပီယာန်ဘက်က လမ်းအတိုင်း လုံရှာယာန်ဘက်ကို စစ်တပ်ဘက်က တစ်ရက်ပြီး တစ်ရက် ဒီဘက်ကို ရွှေ့ လာတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရတယ်။ ပြီးတော့ ပူတာအိုက ဆင်းလာတဲ့တပ် တွေပေါ့နော်၊ ဖတ်မာနားရွာမှာ အင်အားတွေ တိုးချဲ့လာတယ်ဆိုတဲ့ဟာတွေ ဖြစ်လာတဲ့ အခါကျတော့ ဒီကလူတွေက သိပ်ပြီးတော့ လုံခြုံတယ်လို့တော့ မခံစားရဘူးပေါ့၊ ဘာ တွေဆက်ဖြစ်ဦးမလဲဆိုတာတော့ မသိသေးဘူး”

စားဝတ်နေရေး အခက်အခဲတွေကြောင့် နေရပ်ပြန်တဲ့သူတွေရှိပေမယ့် လုံခြုံရေးစိုးရိမ်တဲ့ အတွက် နေရပ်မပြန်သေးသူတွေလည်း ရှိနေပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကြုံခဲ့ရတဲ့ အင်စီယာန် ကျေးရွာကနေ မြစ်ကြီးနားမြို့ပေါ်မှာ တိမ်းရှောင်နေတဲ့ ဒေသခံတစ်ဦးက အခြေအနေစောင့်ကြည့်ပြီးမှ နေရပ်ပြန်မယ်လို့ ပြောပါတယ်။

“ပြန်တဲ့သူရှိသလို မပြန်တဲ့သူတွေ ရှိသေးတယ်လေ၊ အခုလောလောဆယ်နော် တိုက်ပွဲ တွေ ပြန်ဖြစ်မလားဆိုတာကို ပြန်ပြီးစိုးရိမ်တာပေါ့၊ အဲဒါကြောင့် မပြန်ဖြစ်သေးတာ၊ ၄ လပိုင်းကုန်လောက်မှာ ပြန်မလို့ စဉ်းစားထားတယ်။ နိုင်ငံရေးအခြေအနေ စောင့်ရမှာ ပေါ့။ ရွာက သူငယ်ချင်းတွေကလည်း လောလောဆယ်တော့ မပြန်သေးနဲ့တဲ့။ လော လောဆယ်တော့ သိပ်မလုံခြုံရသေးဘူးပေါ၊့ အဲလိုမျိုး ပြောလာလို့ မပြန်သေးတာ။ ကြောက်တာပေါ့၊ စိုးရိမ်တာပေါ့။ ရွာက သူငယ်ချင်းတွေ ပြောတာပေါ့နော်၊ စစ်သား တွေက ရွာထဲမှာလည်း ခဏခဏလာတယ်။ သူတို့ရော ကြောက်တယ်လို့ ပြောတာပဲ”

kachin-refugees.jpg
ပူတာအိုပြန်မည့် စစ်ဘေးဒုက္ခသည်များအား မြစ်ကြီးနားမြို့ မနောကွင်းတွင် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့က တွေ့ရစဉ် (Photo: KMSS Myitkyina)

စစ်တပ်ကလည်း ကချင်ပြည်နယ် ပူတာအိုအတွင်း စစ်အင်အားတွေ တိုးချဲ့နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်လို့ နေရပ်ပြန်ဖို့အရေး ဒုက္ခသည်တွေဘက်က ချင့်ချိန်နေကြ ပါတယ်။

အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေအနီး တိုက်ပွဲတွေ ထပ်မဖြစ်ဖို့ စစ်တပ်ဘက်က ဘယ်လောက်အထိ ကတိကဝတ်ပေးနိုင်မလဲ ဆိုတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ RFA က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မတ်လ ၃၁ ရက်နဲ့ ဧပြီ ၁ ရက်နေ့တွေမှာ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ အဖွဲ့အစည်းများရဲ့ စာရင်းအရ ၂၀၁၁ ခုနှစ်ကနေ စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်း ၁၆၀ ကျော်ရှိပြီး စစ်ဘေးဒုက္ခသည် ၁၅၀,၀၀၀ ဝန်းကျင် ရှိပါတယ်။ အဲဒီ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ကြိုးစားနေတုန်း စစ်အာဏာသိမ်းခဲ့တဲ့အတွက် နောက်ထပ် ဒုက္ခသည် တစ်သောင်းခွဲလောက် တိုးလာခဲ့တယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။