ဗကသကျောင်းသား ကိုဉာဏ်ဝင်းထက် ထောင်ဒဏ် ငါးနှစ် ထပ်တိုးချမှတ်ခံရ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ကိုဉာဏ်ဝင်းထက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ ထောင်ဒဏ်ငါးနှစ် ထပ်မံချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်လိုက်တယ်။

ထောင်ဒဏ် ငါးနှစ် ထပ်မံချမှတ်ခံရသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ကိုဉာဏ်ဝင်းထက်။ All Burma Federation of Student Unions

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ကိုဉာဏ်ဝင်းထက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင် ၂၀ ရက်နေ့မှာ ထောင်ဒဏ်ငါးနှစ် ထပ်မံချမှတ်လိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ထုတ်ပြန်လိုက်တယ်။

ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီက တရားစွဲဆိုပြီး အမိန့်ချမှတ်တာ ထောင်အနှစ် ၂၀ ရှိပြီလို့ ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံက RFAကိုပြောပါတယ်။

"သူအပါအဝင် ဗကသကျောင်းသားတွေ၊ နိုင်ငံတစ်ဝန်းက ကျောင်းသားထုနဲ့ ပြည်သူလူထုကို မတရားအကြမ်းဖက်ဖမ်းဆီးထောင်ချတာတွေ၊ ရက်ရက်စက်စက် သတ်ဖြတ်တာတွေအားလုံးက ဖက်ဆစ်စစ်တပ်မှာ အပြည့်အဝတာဝန်ရှိတယ်၊ တော်လှန်ရေးသမားတွေကို ဖမ်းဆီးထောင်ချတာ၊ သတ်ဖြတ်တာနဲ့ တော်လှန်ရေးက ရပ်သွားမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ အဆုံးထိ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်"

ကိုဉာဏ်ဝင်းထက်ဟာ ၂၀၂၂ခုနှစ် ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ)နဲ့ ထောင်ဒဏ် ရှစ်နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃)နဲ့ ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံထားရပါတယ်။

ကိုဉာဏ်ဝင်းထက်ဟာ အကျဉ်းထောင်ထဲမှာ ကျန်းမာရေးကောင်းမွန်ပြီး မိသားစုနဲ့အဆက်အသွယ် ရတယ်လို့လည်း ဗကသ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကတည်းက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဗကသကျောင်းသား အယောက် ၅၀ ကျော် ဖမ်းဆီးခံထားရပြီး လက်ရှိ ထောင်ထဲမှာ ၃၂ ဦး အကျဉ်းကျနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီထဲမှာ အနည်းဆုံးထောင်ဒဏ် သုံးနှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရသူ သုံးဦးနဲ့ သေဒဏ်ချမှတ်ခံရသူ တစ်ဦး ရှိပါတယ်။

၂ဝ၂၁ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ဇူလိုင်လ ၂၁ ရက်နေ့ထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ ၂၃,၉၈၀ ဦးရှိပြီး ၁၉,၅၉၃ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org