ဒီအမှုမှာ သူတို့ မကျူးလွန်တဲ့အတွက် ဝန်မခံနိုင်ဘူးလို့ ဒေါ်တင်တင်ထွေးတို့က ခုခံတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆက်လက် တရားရင်ဆိုင်မယ်ဆိုရင် အကြိမ်ကြိမ် တရားရုံး လာရမယ့်ကိစ္စနဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ် အခက်အခဲ၊ အချိန်အခက်အခဲတွေကြောင့် ပြစ်မှု မကျူးလွန်ပေမယ့် အခုလို ဒဏ်ငွေရိုက်တာကို လက်ခံဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ သူတို့အမှုကို ကူညီပေးနေတဲ့ ဂရုဏာလက်များ ကွန်ယက်အဖွဲ့ ခေါင်းဆောင် ရှေ့နေ ဦးမြင့်အေးက RFA ကိုပြောပါတယ်။
အသက် ၁၂ နှစ်အရွယ် ဇင်မာလှိုင်ဆိုတဲ့ မိန်းကလေးက သူတို့စွန့်ပစ် ခံရတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ပြောလိုက်တဲ့နောက် ဘူတာရုံမှာ စကားထိုင်ပြောနေတဲ့ သူ့မိခင်နဲ့ ဈေးသည် အမျိုးသမီးငယ်တစ်ဦးကို မနေ့ညက ရဲပုဒ်မ ၄၇ ဆိုတဲ့ မူးယစ်ရမ်းကားမှုနဲ့ ဖမ်းလိုက်တဲ့အကြောင်း RFA က တင်ပြခဲ့ပါတယ်။
ဒီကိစ္စမှာ အဲဒီကလေးတွေကို ပညာသင်ပေးနေတဲ့ ရှေ့နေ ဦးမြင့်အေးတို့က လိုက်ပါဆောင်ရွက် ပေးခဲ့တဲ့အတွက် မနေ့ည သန်းခေါင်ကျော် ၁ နာရီလောက်မှာ အာမခံနဲ့ လွှတ်ပေးလိုက်ပြီး ဒီနေ့ ရုံးတင် တရားစွဲ ပြစ်ဒဏ်ချမှတ် လိုက်တာပါ။
တရားရုံးကို ပေးဆောင်ရမယ့် ဒီဒဏ်ငွေကို ဒေါ်တင်တင်ထွေးတို့ ကိုယ်စား ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး တစ်ဦးက ပေးလိုက်တယ်လို့ ဦးမြင့်အေးက ပြောပါတယ်။
ဂရုဏာလက်များ ကွန်ယက်အဖွဲ့ဟာ ပြည်မြို့က မိဘမဲ့နဲ့ အခြေအနေမဲ့ ကလေး ၃၀ ကျော်ကို မြကွမ်းတောင် ဘုန်းကြီးကျောင်းမှာ ပညာသင်ပေးနေသလို နေ့လည်စာလည်း စီစဉ်ပေးနေပါတယ်။