နိုင်ငံရေးအကျဉ်းသားတွေကို ဆေးကုသပေးဖို့ တောင်းဆို


2015.06.11
students-tharyarwaddy-court-620.jpg ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင် တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ်
Photo: Kyaw Zaw Win/RFA

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေဟာ အခုရက်ပိုင်းအတွင်း သိသိသာသာ ဆိုးရွားလာနေတာကြောင့် အာဏာပိုင်တွေအနေ နဲ့ အလေးထားဆောင်ရွက်ပေးဖို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁၀ရက်နေ့က လက်ပံတန်း ကျောင်းသားသပိတ်ဖြိုခွင်းတာမှာ ရဲတပ်ဖွဲ့က အင်အားသုံးဖြေရှင်းခဲ့ တာကြောင့်လို့ AAPP အဖွဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ခုလိုပြောပါတယ်။

"ကျနော်တို့ ဒီနေ့ထုတ်လိုက်တဲ့ ကြေညာချက်ကတော့ ကျောင်းသားသပိတ်စစ်ကြောင်းကို လက်ပံတန်းမှာ ပြီးခဲ့တဲ့လ ၁ဝ ရက်နေ့က ရဲတွေရိုက်ခဲ့တာရှိပါတယ်၊ ကျောင်းသားတော်တော်များများက အနာတရဖြစ်တယ် ဆိုတာကို ကျနော်တို့တွေ့ရတယ်၊ အခု ကိုတင်ဝင်းဆိုလို့ရှိရင် အဲဒီ့ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲ ဆေးရုံတင်ရတယ်၊ ကိုခင်လှိုင် ဆိုလို့ရှိရင်လည်း သွေးအန်တာဖြစ်ပြီးတော့ ဆေးရုံထပ်တက်ရတယ်၊ အဲ့လိုပဲ အကျဉ်းထောင်ထဲမှာ ကျန်တဲ့ကျောင်းသားတွေကလည်း ဒီနေ့ဆိုလို့ရှိရင် ထပ်ပြီးကြားရတာရှိပါတယ်"

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက တာဝန်ယူလုပ်ဆောင်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာဘဲ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံသူ တချို့ရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးရွားနေတဲ့အတွက် လုံလောက်တဲ့ ဆေးကုသမှုခံယူခွင့်ပေးဖို့ နဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရစဉ်က ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် ကျောင်းသားကျောင်း သူတွေနဲ့ ဝန်းရံသူတွေဟာ အတွင်းဝေဒနာတွေ ခံစားနေရတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကိုအောင်နေပိုင်က ပြောပါတယ်။

"ကျောင်းသားတွေကို မတရားအကြမ်းဖက်ဖမ်းဆီးတယ်၊ ရိုက်နှက်ဖမ်းဆီးတဲ့အတွက် ကျောင်းသားတွေမှာ ဒဏ်ရာတွေရှိတယ်၊ အဲ့ဒါတွေအပေါ်မှာ လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးဘူးဖြစ်နေတယ်၊ ခွဲစိတ်စရာရှိရင် ခွဲစိတ်ရမယ်၊ ဒဏ်ရာတွေကို ဓါတ်မှန်ရိုက်သင့်ရင် ရိုက်ရမယ်၊ အဲ့လိုကျောင်းသားတွေကို ထောင်ထဲမှာ မတရားဖမ်းဆီးထားပြီးတော့ ဆေးကုသခွင့်မပေးဘူး၊ အခုရောဂါတွေဖြစ်နေတယ်၊ အဲ့ဒါအရမ်းကို လူ့ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်တွေဖြစ်တယ်၊ ဒါကြောင့် ဆေးကုသခွင့် အမြန်ဆုံးပေးဖို့နဲ့ ကျောင်းသားတွေအတွက် ဗကသအဖွဲ့ချုပ် အရမ်းပဲစိုးရိမ်မိတယ်"

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရသူတွေထဲက ဝန်းရံသူနှစ်ဦးဖြစ်တဲ့ ကိုတင်ဝင်းနဲ့ ကိုခင်လှိုင် တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် သာယာဝတီဆေးရုံကတဆင့် ရန်ကုန်ပြည် သူ့ဆေးရုံကြီးမှာ တက်ရောက်ပြီး ခွဲစိတ်ကုသမှု ခံယူနေကြပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်နဲ့ ဝန်းရံသူတချို့ဟာလည်း ရင်ဘတ်အောင့်တဲ့ ဝေဒနာတွေနဲ့ အစာအိမ်ရောဂါတွေ ခံစားနေရတယ်လို့ ထောင်ဝင်စာသွားတွေ့တဲ့ မိဘတွေက ပြောပါတယ်။

ဒီအတောအတွင်း နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မ ၄ ခုနဲ့ တရားစွဲခံထားရတဲ့ ဗကသကျောင်းသူ မပိုပိုနဲ့ ဝန်းရံသူ ကိုဝင်းကျော့မှုးတို့ကို ဒီနေ့ ကမာရွတ်မြို့နယ်တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ အားလုံးကို သာယာဝတီတရားရုံးမှာ တစ်စုတစည်းထဲ ရုံးထုတ်စစ်ဆေးဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဗကသ ကျောင်းသား ၆ ဦးခန့်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။