ခြောက်လအတွင်း လူဦးရေ ခြောက်ရာကျော်ဖမ်းဆီးခံရ
2024.01.05
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒုတိယခြောက်လတာကာလအတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝန်း လူဦးရေ ၆၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး အဖမ်းခံရသူတွေဟာ ရန်ကုန်တိုင်းထဲက အများဆုံးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအထိ အမျိုးသမီး ၁၇၄ ဦး၊ အမျိုးသား ၄၄၁ ဦး ဖမ်းဆီးခံရတာဖြစ်ပြီး အဖမ်းခံရသူတွေထဲ ရန်ကုန်တိုင်းက ၁၁၇ ဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းခံရသူ ၆၁၅ ဦးထဲမှာ ၆၀၃ ဦးဟာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲပဲလို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကြောင့် သေဆုံးခဲ့တဲ့ ပြည်သူ ၄၂၈၀ ဦးရှိပြီလို့လည်း AAPP က ဆိုပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ခြောက်လအတွင်း သေဆုံးသူ ၇၇၀ ခန့်ရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၂၇၄ ဦးနဲ့ သေဆုံးသူအများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးခဲ့သူ ၇၇၀ ထဲမှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီးနောက် နည်းမျိုးစုံနဲ့ သတ်ခဲ့သူ ၂၂၉ ဦးပါဝင်တယ်လို့ ပြောပါတယ်။
AAPP ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
AAPP စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဒဏ်ချခံထားရသူက ၁၆၂ ဦး ရှိနေပါတယ်။