ဖျက်သိမ်းထားတဲ့ AAC အဖွဲ့ကို ပြန်ထူထောင်ပေးဖို့ တောင်းဆို
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကို ပြန်လည်ထူထောင်ပေးဖို့ မြန်မာအလုပ်သမား ၁ ထောင်လောက်က ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဒီကနေ့ တောင်းဆိုခဲ့ကြပါတယ်။
-
2017-12-19 -
-
-
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ ကို ပြန်လည်ထူထောင်ပေးဖို့ မြန်မာအလုပ်သမား ၁ ထောင်လောက်က ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဒီကနေ့ တောင်းဆိုခဲ့ကြပါတယ်။
တာင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ မြန်မာသံရုံးဘက်က ပြန်ပြောကြောင်း သံအမတ်ကြီးအပါအဝင် သံမှူးတွေနဲ့ ဝင်ရောက်တွေ့ဆုံခဲ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမား ကိုထွန်းအောင် က ပြောပါတယ်။
"တောင်းဆိုချက်က ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအားလုံးရဲ့ အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကို ပြန်လည်ထူထောင်ပေးဖို့ ကျနော်တို့က အသနားခံစာ တင်ပါတယ်၊ စာက ကျနော်ကိုယ်တိုင် သွားပို့ပေးခဲ့တယ်ခင်ဗျ၊ ရုံးထဲမှာ ကျနော်နဲ့ စကားပြောခဲ့ရတယ် ခင်ဗျ၊ သံမှူးတွေနဲ့၊ သူတို့ကတော့ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်လို့ ပြောပါတယ်ခင်ဗျ၊ ဒေါ်အောင်ဆန်းစုကြည် ဆီကိုလည်း ရောက်အောင်ပို့ပေးပါမယ်လို့ ပြောပါတယ်ခင်ဗျ"
မန်မာအလုပ်သမား တစ်ထောင်လောက်ဟာ သူတို့ရဲ့ တောင်းဆိုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းတို့ဆီ ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။
သံအမတ်ကြီး ဦးဝင်းမောင် လက်ထက်တုန်းက AAC အဖွဲ့ကို သံရုံးကော်မတီဝင်အဖြစ် အသိအမှတ်ပြုကဒ်တွေ ထုတ်ပေးထားခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ကဒ်တွေပြန်လည်သိမ်းသွားခဲ့ပြီး သံအမတ်သစ်အဖြစ် ဦးမျိုးမြင့်သန်း က ပြောင်းလဲတာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
အဲဒီလိုအသိအမှတ်ပြုကဒ်တွေ သိမ်းယူသွားပြီးနောက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေဘက်က AAC အဖွဲ့ကို ဖိအားပေး ခြိမ်းခြောက်မှုတွေ ပြုလုပ်လာတာကြောင့် ဒီဇင်ဘာလ ၁၁ ရက်နေ့က အဖွဲ့ကို ယာယီဖျက်သိမ်းထားရတယ်လို့ AAC အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။
ထိုင်းနိုင်ငံ မဟာချိုင်မှာ ဖွင့်လှစ်ထားတဲ့ AAC ဂေဟာမှာ အလုပ်အကိုင်အခက်အခဲဖြစ်နေတဲ့ မြန်မာအလုပ်သမား တွေ အလုပ်သမား အခွင့်အရေးရရှိဖို့နဲ့ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရထားသူ ၁၀၀ လောက်ကို ကူညီပေးနေတာ ဖြစ်ပါတယ်။