စစ်ကောင်စီကြောင့် ရခိုင်မှာ တိုက်ပွဲတွေ ဖြစ်လာနိုင်ကြောင်း ULA/AA သတိပေး
ရခိုင်ပြည်နယ်မှာ ULA/AA ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍနဲ့ ပတ်သက်လို့ စစ်ကောင်စီက နည်းလမ်း ပေါင်းစုံနဲ့ ကန့်ကွက်နှောင့်ယှက်မှုတွေရှိနေပြီး ဒါကို သည်းမခံ နိုင်တဲ့ အခြေအနေရောက်လာရင် ထိပ်တိုက်တွေ့ ပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ် လာနိုင်တယ်လို့ ULA/AA က ဒီနေ့ သတိပေးပြောဆိုလိုက်ပါတယ်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ငါးရက် ဒီနေ့ အွန်လိုင်းဗီဒီယို စနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောတာပါ။
“ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး၊ တရားရေးဌာနတွေမှာ စစ်ကောင်စီဘက်က အနှောင့် အယှက်ပေးနေတာတွေရှိလာပါတယ်။ တရားရေးကဏ္ဍမှာဆိုရင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်တွေမှာရှိတဲ့ နယ်မြေ တရားရုံးနားတွေမှာ စစ်ကောင်စီက ဝင် ရောက် ရှာဖွေစစ်ဆေးတာတွေ၊ တရားရုံးစိုက်ထားတဲ့ နေရာအနီးနားတွေမှာ စစ် ကြောင်းလှုပ်ရှားမှုတွေ လုပ်လာသလို ULA တရားရေးဌာနမှာ အမှုတိုင်ထားတဲ့ အမှုသည်တွေကိုခေါ်ပြီး သူတို့တရားရုံးတွေမှာသာ တိုင်ရမယ်၊ ULA တရားရုံးတွေမှာ တိုင်ရင် ဥပဒေအရ အရေးယူမယ်ဆိုပြီးတော့ ပြည်သူတွေအပေါ် ခြိမ်းခြောက်တာတွေရှိနေပါတယ်”
ULA/AA ရဲ့ ဆောင်ရွက်ချက်တွေအပေါ် စာပို့ကန့်ကွက်မှုတွေ ရှိလာနေပြီး ဒီကိစ္စကြောင့် စစ်ကောင်စီနဲ့ ULA/AA ကြားမှာ တင်းမာမှုတွေ ရှိလာနေတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီဘက်က အခုထက်ပိုပြီး စစ်ရေးလှုပ်ရှားမှုတွေနဲ့ ရခိုင်ပြည်သူတွေအပေါ် ခြိမ်းခြောက်မှုတွေ ဆက်လက်လုပ်ဆောင်လာမယ်ဆိုရင် စစ်ရေးအရ ထိပ်တိုက်တွေ့မှုတွေ မလွဲမသွေ ရှိလာနိုင်တယ်လို့ လည်း ပြောပါတယ်။
တရားစီရင်ရေးပိုင်းတွေ အားနည်းချက်ရှိရင် ဝေဖန်ထောက်ပြတဲ့ လမ်းကြောင်းနဲ့ ဆွေးနွေးနိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
"တရားစီရင်ရေးဆိုတာ နိုင်ငံတစ်နိုင်ငံတည်းမှာ တည်ဆဲဥပဒေတွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ သွားရမှာ ဖြစ်တယ်၊ တစ်နေရာမှာ တစ်မျိုး နောက်တစ်နေရာမှာတစ်မျိုးလုပ် နေရင် တရားဥပဒေ စိုးမိုးရေး တည်ငြိမ်အေးချမ်းရေးက ထိခိုက်လာမှာပဲ၊ တရားဝင်ရှိနေ တဲ့ အဖွဲ့အစည်းမှာ တရားဝင်ရှိနေတဲ့ တရားစီရင်ရေးတွေ အုပ်ချုပ်ရေးစနစ်တွေ အား နည်းချက်တွေရှိရင် ထောက်ပြဝေဖန်လို့ရတယ် ဒီလမ်းကြောင်းတွေ အတိုင်းလုပ်တာ ငြိမ်းချမ်းရေးအတွက် ရေရှည်အကျိုးရှိနိုင်မယ်’’
စစ်ကောင်စီဘက်က ခြိမ်းခြောက်မှုတွေရှိနေပေမယ့် ပြည်သူတွေဘက်ကတော့ ULA/AA ရဲ့ တရားရုံးတွေမှာ ပုံမှန်အတိုင်း အမှုတိုင်တန်းနေကြဆဲပဲလို့ ခိုင်သုခက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ပြီးခဲ့တဲ့ မတ်လအထိ ULA/AA တရားရုံးတွေမှာ လာရောက် တိုင်တန်းတဲ့ အမှုပေါင်း ၅၆၈၃ မှုရှိခဲ့ပြီး အဲဒီအထဲက အမှုပေါင်း ၂၉၂၆ မှုကို ဖြေရှင်းထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့အကြား ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ စပြီး အချိန်နှစ်နှစ်ခန့်ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ ပြီးနောက် ၂၀၂၀ နိုဝင်ဘာလလောက်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ရပ်ဆိုင်းနေတာ ဖြစ်ပါတယ်။