AA တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၂၂ ရက်ကစလို့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေအလိုက် ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးပေးနေပြီလို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက RFA ကို ဒီကနေ့ ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် စေတီတောင်ရွာမှာ AA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို ဇန်နဝါရီ ၂၄ ရက် မနေ့ကစလို့ ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးပေးနေတယ်လို့ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျန်အေး က RFA ကို ပြောပါတယ်။
“ AA တပ်ဖွဲ့ဝင်တွေကို မနေ့ကစလို့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ စေတီတောင်ကျေးရွာမှာ ကျန်းမာရေးဝန်ထမ်းတွေက ထိုးပေးနေတာပါ။ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး”
ရသေ့တောင်မြို့နယ် ဂူတောင်ရွာမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ၊ မြို့နယ်/ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ လုံခြုံရေးရဲဝန်ထမ်းတွေနဲ့အတူ စုရက်အလိုက် ကာကွယ်ဆေးတွေ ထိုးပေးနေတယ်လို့လည်း ဆိုပါတယ်။
ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက AA တပ်ဖွဲ့ဝင်တွေ ကိုလည်း ကာကွယ်ဆေးတွေ ထိုးပေးဖို့ စီစဉ်ထားပြီး အရေအတွက် ဘယ်လောက်ထိုး ပေးမယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဦးလှသိန်းက ပြောပါတယ်။
တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး အမျိုးအစားတွေကို ထိုးပေးမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောဆိုခဲ့ပြီး AA ဘက်ကတော့ ဒေသခံတွေကို ဦးစားပေးထိုးပေးမယ်လို့ ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လစလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အခုဆိုရင် တိုက်ပွဲတွေရပ်စဲနေတာ တစ်နှစ်ကျော်ရှိနေပါပြီ။