AA က ခြိမ်းခြောက်စာ ပေးပို့


2018.12.23
aa-threatens-622.jpg ရက္ခိုင့်တပ်မတော်က ပေးပို့လိုက်တဲ့ ခြိမ်းခြောက်စာနဲ့ ကျည်ဆံတွေကို တွေ့ရစဉ်
.

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ ရဲဝန်ထမ်းတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ လဝကဝန်ထမ်းတွေ ပါဝင်ပတ်သက်တာမျိုးမလုပ်ဖို့ ရက္ခိုင့်တပ်မတော် AA က ကျည်ဆံတစ် တောင့်စီနဲ့ စာတစ်စောင်စီကို ဘူးသီးတောင်မြို့နယ်အတွင်းက ဒုရဲအုပ်တစ်ဦးနဲ့ အရပ်သားတချို့ကို မနေ့က ပေးပို့ခြိမ်းခြောက်လိုက်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA ကို ဆက်သွယ်ရာမှာ ရက္ခိုင့်တပ်မတော်က မြေပြင်တပ်မှူးတွေက သင့်တော်သလို ဆောင်ရွက်တာဖြစ်တယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

တပ်မတော်က ရှေ့တန်းစစ်မျက်နှာပြင်ကို တပ်သားသစ်တွေပို့တဲ့အခါ ရဲဝန်ထမ်းတွေ၊ ရဲကားတွေကို အသုံးပြုတာတွေရှိပြီး အဲဒီလိုထပ်မလုပ်ဖို့ ရဲတပ်ဖွဲ့ဝင်တွေဆီကို သတိပေးစာပို့တာလို့လည်း ပြောပါတယ်။

ပစ်စာပေးပို့ခံရတဲ့ ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာ စခန်းမှူး ဒုရဲအုပ် သျှစ်ရှားအောင်၊ ဒေသခံနှစ်ဦး ဖြစ်တဲ့ ဦးဉာဏ်လင်းနဲ့ ဦးစစ်စစ် တို့ကို RFA က ဆက်သွယ်နေပေမယ့် အဆက်အသွယ် မရသေးပါဘူး။

ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ အခုလဆန်းပိုင်းက အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲဖြစ်ခဲ့တာတွေရှိပေမယ့် ဒီရက်ပိုင်းတော့ ပစ်ခတ်မှုတွေမရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အစိုးရတပ်မတော်က ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက စစ်ဌာနချုပ် ၅ ခုမှာ ၄ လကြာ အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် ၈ နာရီကစလို့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကြားက ပညာဝရွာနဲ့ မောင်နှမရွာကြားကို လက်နက်ကြီးတွေ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကြောင့် ရခိုင်ပြည်နယ်ကို စစ်ဆင်ရေးရပ်လို့ မဖြစ်ဘူးဆိုတဲ့ အကြောင်းပြချက် မပေးဘဲ ဒီစိုးရိမ်ချက်ကြောင့်ဆိုရင် မောင်တောမြို့နယ်ကိုသာ ချန်လှပ်ထားပြီး ရခိုင်ပြည်နယ်က တခြားနေရာတွေမှာ စစ်ဆင်ရေးရပ်တန့်ဖို့ ကြေညာသင့်တယ်လို့လည်း ဆက်ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။