သုံ့ပန်းလဲရေး AA ကမ်းလှမ်းချက် အစိုးရလက်မခံ


2019.11.15
uzawhtay-622.jpg သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး။
Photo: RFA


AA ရခိုင့်တပ်တော်ရဲ့ လုပ်ရပ်တွေဟာ ဥပဒေနဲ့မညီတဲ့အတွက် AA က ကမ်းလှမ်းထားတဲ့ သုံ့ပန်းလဲလှယ်ရေး အစီအစဉ်ကို လက်ခံမှာမဟုတ်ဘူးလို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ပြုလုပ်တဲ့ သမ္မတရုံး လစဉ် သတင်းစာရှင်းလင်းပွဲမှာ AA အဖွဲ့ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဦးဇော်ဌေးက အခုလိုပြောခဲ့တာပါ။ ပြည်သူက ရွေးချယ်ထားတဲ့ လွှွတ်တော်ကိုယ်စားလှယ် တစ်ဦးကို ဖမ်းဆီးထားတာဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးရာရောက်တဲ့အပြင် ဆိုမာလီယာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲငွေတောင်းတဲ့ လုပ်ရပ်သဘောမျိုး ဆံတယ်လို့ ပြောပါတယ်။

AA အဖွဲ့နဲ့ဆက်စပ်ပြီး အစိုးရနဲ့တပ်မတော်က ဖမ်းဆီးထားသူတွေကို တည်ဆဲဥပဒေနဲ့အညီ  စစ်ဆေး အရေးယူနေပြီး သူတို့ကို သုံ့ပန်းအဖြစ် မသတ်မှတ်ဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

AA က ဖမ်းဆီးသွားတဲ့ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေ ပြန်လွတ်မြောက်ရေးအတွက် AA နဲ့ ဆွေးနွေးပွဲတွေမှာရော၊ ငြိမ်းချမ်းရေးကော်မရှင်က တဆင့်ရော၊  AA အပေါ် သြဇာလွှမ်းမိုးနိုင်စွမ်း ရှိတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကတဆင့်ပါ ကြိုးပမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခကတော့... အပြစ်မဲ့ပြည်သူတွေကို အစိုးရနဲ့ စစ်တပ်က မတရားနဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ပြင် တပ်မတော်ဟာ စစ်သုံ့ပန်းဖြစ်သွားတဲ့ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေအပေါ် ရဲဘော်ရဲဘက်စိတ် မရှိတာကို ဖော်ပြနေတယ်လို့လည်း ဝေဖန်လိုက်ပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက.. ရခိုင်ပြည်နယ်မှာ AA အဖွဲ့ စတင် လှုပ်ရှားလာကတည်းက အစိုးရအနေနဲ့ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေးကိုသာ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ တပ်မတော်ကို ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။  AA အပါအဝင် မြောက်ပိုင်းလေးဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုချင်တာ ဟုတ်မဟုတ် အစိုးရက သုံးသပ်နေတယ်လို့လည်း ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

TNLA ပြောခွင့်ရသူ မိုင်းအိုက်ကျော်ကတော့... မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က အပစ်အခတ်ရပ်စဲရေး မလိုလားဘူးဆိုရင် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လာဖို့အကြောင်း မရှိတဲ့အကြောင်း၊ လက်ရှိမှာ မိမိတို့ဘက်က ဆွေးနွေးပွဲတွေကို တောက်လျှောက် တက်ရောက်ခဲ့ကြောင်း၊ ဦးဇော်ဌေးရဲ့ အခု ပြောဆိုချက်ဟာ ဘာရည်ရွယ်ချက်နဲ့ ပြောတာလဲဆိုတာ မသိကြောင်း RFA ကို ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။