ချင်းပြည်နယ်က စစ်ရေးအရအရေးပါတဲ့ ပလက်ဝဒေသတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
အဲဒီဒေသမှာ ရက္ခိုင့်တပ်တော် AA က နှစ်လကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အခုလိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်သလို၊ အဲဒီဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလည်း လုံးဝချုပ်ငြိမ်းသွားပြီလို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် "မီးဝဗျူဟာ"စခန်းကုန်းကြီးကို ဇန်နဝါရီလ ၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ငါးရက်အကြာ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အပြီးသတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
ပလက်ဝမြို့ပေါ်က စစ်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးရုံး၊ စည်ပင်ရုံး၊ ရဲစခန်း၊ မီးသတ်နဲ့ ကြံ့ခိုင်ရေးပါတီရုံးတွေမှာ AA အလံလွှင့်ထူထားတဲ့ ဓာတ်ပုံတွေကိုလည်း လူမှုကွန်ရက်မှာ AA က ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီသံချပ်ကာကားတွေ၊ အတွဲလိုက်ပစ်ဒုံးတွေ အပါအဝင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
ထွက်ပြေးနေတဲ့ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ AA ကပြောပါတယ်။ ပလက်ဝ ဒေသခံတွေအနေနဲ့ အသွားအလာသတိထားကြဖို့လည်း သတိပေးထားပါတယ်။
ပလက်ဝတစ်နယ်လုံး သိမ်းပိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က လတ်တလောတုံ့ပြန်တာ မရှိသေးပါဘူး။