မောင်တော ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက်
2023.11.17

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေစိုက် ဒုံးညိုနယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၇ ရက် ဒီနေ့မှာ သိမ်းပိုက်လိုက်တယ်လို့ AA အဖွဲ့က ဒီနေ့ညနေက ထုတ်ပြန်ပါတယ်။
အဲဒီစခန်းကို နိုဝင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေရှိခဲ့တဲ့ကြားက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက် အလက် လေးဆယ်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီတိုက်ပွဲမှာ ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း ကျဆုံး၊ ဒဏ်ရာရသူတချို့ရှိခဲ့ပြီး အရေအတွက် အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ လက်နက်ချ အညံ့မခံတဲ့ စခန်းတွေကိုလည်း တစ်ခုပြီးတစ်ခု တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။
အဲဒီ ဒုံးညိုနယ်ခြားစောင့်စခန်းဟာ နယ်ခြားစောင့်ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်း စခန်းချထားတာဖြစ်ပြီး မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အရေးပါတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့က ရဲစခန်းကိုလည်း နိုဝင်ဘာ ၁၆ ရက်နေ့ မနေ့က AA က သိမ်းပိုက်ခဲ့ပါတယ်။ အလားတူပဲ ရခိုင်ပြည်မှာ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်ဟာ စခန်းပေါင်း ၄၀ လောက်ကို စွန့်လွှတ်ခဲ့ရပြီလို့ AA ကပြန်ထားပါတယ်။
အခုလို မောင်တောမြို့နယ် ဒုံးညိုနယ်ခြားစောင့်စခန်းကို AA က သိမ်းပိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။
မနေ့က AA သိမ်းပိုက်ခဲ့တဲ့ ပေါက်တောမြို့ ရဲစခန်းနဲ့ ပေါက်တောမြို့ကိုတော့ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။