AA လှုပ်ရှားမှုကို သတင်းပေးနေသူတွေနဲ့ ရဲတပ်ဖွဲ့ကို သတိပေးစာထုတ်


2019.02.09
aa-622.jpg ရက္ခိုင့်တပ်မတော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ်
Photo: RFA

ရက္ခိုင့်တပ်မတော် AA ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ သတင်းပေးနေသူတွေကို ရခိုင်တစ်မျိုးသားလုံးရဲ့ ရန်သူအဖြစ် သတ်မှတ်ကြောင်း ကြေညာချက် နဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်တာတွေ ရပ်တန့်ဖို့ ရဲတပ်ဖွဲ့ဝင်တွေကို သတိပေးတဲ့ ကြေညာချက်တွေကို AA က ထုတ်ပြန်လိုက်ပါတယ်။

AA ရဲ့ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုတွေကို သတင်းပေးနေသူတွေဟာ ရခိုင်အမျိုးသားအကျိုးစီးပွားနဲ့ ရခိုင်တစ်မျိုးသားလုံးရဲ့ ရန်သူ ဖြစ်ကြောင်း သတိပေးတယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ရခိုင်ပြည်သူတွေကို လက်နက်အားကိုး အနိုင်ကျင့်နေတာတွေ ရပ်တန်းကရပ်ကြဖို့ ရခိုင်ပြည်နယ်ထဲက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တချို့ကို သတိပေးတယ် ဆိုတဲ့ ကြေညာချက်တွေကို မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။

တချို့ ကျေးရွာတွေထဲမှာ စစ်တပ်က ရဲတပ်ဖွဲ့ရဲ့ ယူနီဖောင်းတွေဝတ်ပြီး အသွင်ပြောင်းကာ တစ်အိမ်တက်ဆင်း စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က စွပ်စွဲပြောဆိုလိုက်ပါတယ်။

AA ရဲ့ ကြေညာချက်အပေါ် ဥပဒေပိုင်းဆိုင်ရာနဲ့သာ ဖြေရှင်းဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လင်းထွဋ် က RFA ကိုပြောပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ တားမြစ်သတိပေးချက်တွေကို မလိုက်နာသူတွေကို ခွင့်လွှတ်မှာမဟုတ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ပွဲတွေအဝေးမှာ နေထိုင်ပြီး ပြည်သူ့လုံခြုံရေးကိုသာ တာဝန်ယူကြဖို့ AA က မနေ့က ရက်စွဲနဲ့ ကြေညာချက်နှစ်စောင် ထုတ်ပြန်လိုက်တာပါ။

ရသေ့တောင်မြို့နယ် ရေကောင်းချောင်းကျေးရွာမှာ ဇန်နဝါရီလ ၃ ရက်နေ့က တပ်မတော်သားတွေဟာ နယ်ခြားစောင့်ရဲ ယူနီဖောင်းတွေကို အသွင်ပြောင်းဝတ်ဆင်ပြီး  တစ်အိမ်တက်ဆင်း စစ်ဆေးတာ တွေ ရှိတယ်လို့ AA က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒါဟာ မရိုးသားတဲ့လုပ်ရပ်ဖြစ်ကြောင်း၊ အခြေအနေ ပိုမိုရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာတွေဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သူ့ရဲအလုပ်ကို မလုပ်ဘဲနဲ့ စစ်တပ်က လုပ်မယ့်အလုပ်တွေ သူလျှောက်လိုက်လုပ်နေတာတွေရှိတယ်၊ ပြည်သူလူထုကို ကာကွယ်ရမယ့်အစား အများကြီးဖိနှိပ်မှုတွေ လုပ်လာတယ်၊ ခု ထုတ်ပြန်တဲ့ဟာ နှစ်ခုစလုံးဟာ အများပြည်သူအကျိုးအတွက်ပေါ့ဗျာ၊ ရဲတွေလည်း သူ့အလုပ်ကိုသူလုပ် ပြီးတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိအောင်ပေါ့ဗျာ အနာဂတ်မှာ ပထမတစ်ကြိမ်လည်း ထုတ်ပြန်ပြီးပြီ အခုလည်း ထုတ်ပြန်ထားတာ၊ နောက်ပြီးတော့ ဗမာစစ်တပ် သတင်းပေးတွေရှိတယ် လိုအပ်လို့တင်း တင်းကျပ်ကျပ် ထုတ်ပြန်ရတာဗျ၊ အဲဒီ ဝိသမလောဘသားတွေပေါ့ဗျာနော်၊ အစိုးရနဲ့ပေါင်းပြီးတော့ အစိုး ရကို သတင်းတွေပေး ပြည်သူလူထုကို မဟုတ်မဟတ် ကိုယ်မကျေနပ်တဲ့သူတွေကို တိုင်တန်း ဒီဟာတွေဟာ အများပြည်သူလုံခြုံရေးကို အများကြီး ခြိမ်းခြောက်နေတာဖြစ်တယ်"

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောသွားတာပါ။

တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့အပါအဝင် ရဲတပ်ဖွဲ့ဝင်တချို့ကို AA က သတိပေးထားတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ဒုတိယပြည်နယ် ရဲမှူးကြီး လင်းထွဋ်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အခုလိုဖြေကြားခဲ့ပါတယ်။

"ကျွန်တော်တို့က ဥပဒေနဲ့အညီ ပြန်လည်တုံ့ပြန်နေပါတယ်၊ ကျွန်တော်တို့ ဒီကနေပြီးတော့ ဆောင် ရွက်ချက်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်တယ် ဆောင်ရွက်ချက်တွေကိုလည်း တရားဝင် အပေါ် လည်း တင်ပြ ထုတ်ပြန်လည်း ထုတ်ပြန်နေပါတယ်ခင်ဗျ၊ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးစရာမရှိပါဘူး ဟုတ်ကဲ့ပါ ဖြည့်စွက်ပြောစရာမရှိပါဘူး ဟုတ်ကဲ့ပါ"

ဒီတိုက်ပွဲတွေအကြား AA ရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးနေသူတွေ၊ AA ရဲ့ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေကို ပျက်စီးအောင်ပြုလုပ်နေသူတွေ၊ အနှောင့်အယှက်ပေးနေသူတွေကို ရခိုင်လူမျိုးတွေရဲ့ ရန်သူအဖြစ်သတ်မှတ်ပြီး အဲဒီလိုလုပ်ရပ်တွေ မလုပ်ဖို့ သတိပေးထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်မြို့နယ်အတွင်း မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ ခရုသစ် ကျေးရွာက ရွာအုပ်ချုပ်ရေးမှူးဟာ တပ်မတော်ကို သတင်းပေးလို့ဆိုပြီး ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင် အယောက် (၃၀) က ဝင်ရောက်ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

"ဦးကံကြီးပေါ့ သူကမျက်နှာတွေမှာ ဒဏ်ရာတွေရသွားတယ် ကျေးရွာဆေးပေးခန်းပေါ့ မနေ့က ဆေး ကုသမှုခံယူနေတယ်၊ AA ကလို့ပြောတယ် ၃၀ လုံးက သူကိုယ်တိုင်က ဒဏ်ရာကတော့ ပြင်းပြင်းထန် ထန် မရပေမယ့် မျက်နှာတော့ အထိုးခံရတာပေါ့ဗျာ၊ တပ်မတော်ကို အင်ဖော်မေးရှင်းပေးနေလို့ ဒီလို လုပ်ရတာလို့ ကျွန်တော်တို့ မပြောရဲဘူးဗျ။ အဲကိစ္စက အဲလိုပြောခဲ့မယ်ဆိုရင်လည်း လက်ရှိမှာ ကျွန် တော်တို့က မြေစာပင်ဖြစ်နေတယ် အမှန်တစ်ကယ်ပြောရင် ကြောက်တယ်ဗျ ကျွန်တော်တို့က"

ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းက အခြေအနေကို အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦး ပြောသွားတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ သူတို့အနေနဲ့ အဲဒီလိုလုပ်ဆောင်တာ မရှိကြောင်း ပြောပါတယ်။

ခရုသစ်ကျေးရွာမှာ အိမ်ခြေ ၄၀ နီးပါးရှိပြီး လူဦးရေ ၂၀၀ ဝန်းကျင်ရှိကာ အဲဒီရွာတဝိုက်မှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ လှုပ်ရှားတဲ့နေရာဖြစ်တာကြောင့် ဒေသခံတွေဟာ ကြောက်ရွံ့ နေကြတယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲက နှစ်လခွဲနီးပါး ကြာနေပြီဖြစ်ကာ စစ်ရေးအရ တင်းမာမှုတွေ ရှိ နေသေးသလို တိုက်ပွဲဖြစ်ပွားတဲ့ မြေပြင်အနေအထားကလည်း ပိုမိုကျယ်ပြန့်လာတာလည်း တွေ့ ရပါတယ်။

နှစ်ဘက် လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ကြားဝင်ညှိနှိုင်းပေးမယ့် အဖွဲ့အစည်း လိုအပ်နေပြီလို့ စစ် ရေးနိုင်ငံရေးလေ့လာသူတွေကလည်း သုံးသပ်ကြပါတယ်။

"နှစ်ဘက်စစ်တိုက်နေရင်တော့ ဒီလိုမျိုးတွေက ကြုံရမှာပဲဗျ၊ ရခိုင်မှာ စစ်မျက်နှာ တစ်ဖြည်းဖြည်းကျယ် လာတာ မှန်ပါတယ်၊ အမ်းမြို့နယ်ထဲထိ ရောက်လာတာတွေ့ရတယ်၊ စစ်ပွဲဆိုတာရှိရင် ဒါတွေကြုံရမှာပဲ လောလောဆယ် တရုတ်လို ပါဝါရှိတဲ့ အဖွဲ့နဲ့တောင် အဆင်မပြေဘူးဆိုရင် နောက်တစ်ဖွဲ့ဆိုတာက ကျွန် တော်ထင်တယ် မလွယ်လောက်ဘူးထင်တယ်၊ ကြားဝင်တယ်ဆိုရင် အဲဒီကြားဝင်တဲ့အဖွဲ့က အစိုးရနဲ့ တပ်မတော်က လက်ခံဖို့ဆိုသလို ညှိနှိုင်းမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကလည်း လက်ခံဖို့ လိုအပ်ပါတယ်"

စစ်ရေး နိုင်ငံရေး လေ့လာသူစာရေးဆရာ ဦးမောင်မောင်စိုး ပြောသွားတာပါ။

ဒါကတော့ ရက္ခိုင့်တပ်မတော် AA ရဲ့ သတိပေးချက်တွေနဲ့ပတ်သက်ပြီး နားထောင်ခဲ့ရတာပါခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။