စခန်းမှူးတစ်ဦးကို AA သတိပေး ခြိမ်းခြောက်စာပို့
2019.01.07

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က တိမ်ညိုစခန်းမှူး ရဲအုပ် ကျော်ကျော်လှကို ရက္ခိုင့်တပ်မတော် AA က ကျည်ဆံတစ်ထောင့်နဲ့ သတိပေးခြိမ်းခြောက်စာ တစ်စောင်ပေးပို့လိုက်ပါတယ်။
မြောက်ဦးမြို့နယ်က တိမ်ညိုစခန်းမှုးက ဒေသခံတွေကို ဖိနှိပ်တာတွေများတယ်လို့ နာမည်ထွက်နေတာကြောင့် အောက်ခြေတပ်မှူးတွေက လိုအပ်သလို ဆောင်ရွက်တာဖြစ်နိုင်တယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။
သတိပေးစာပေးပို့ခံရတဲ့ တိမ်ညို စခန်းမှူး ရဲအုပ် ကျော်ကျော်လှကို RFA က ဆက်သွယ်မေးမြန်းရာမှာ စာပေး ပို့ခံရတာနဲ့ ပတ်သက်လို့ ငြင်းဆိုမှုမရှိပေမယ့် အလုပ်များနေတာကြောင့် တစ်စုံတစ်ရာ တုံ့ပြန်ပြောနိုင်ခြင်းမရှိဘူး လို့ ပြောပါတယ်။
ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေတဲ့ အမျိုးသားရေးလုပ်ငန်းတွေကို အနှောက်အယှက်မပေးဖို့နဲ့ အနှောက်အယှက်ပေးမယ်ဆိုရင် လက်တုံ့ပြန်သွားမှာ ဖြစ်တယ်ဆိုပြီး သတိပေးစာမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာ စခန်းမှူး ဒုရဲအုပ် သျှစ်ရှားအောင်၊ ဒေသခံနှစ်ဦး ဖြစ်တဲ့ ဦးဉာဏ်လင်းနဲ့ ဦးစစ်စစ် တို့ကို ရက္ခိုင့်တပ်မတော် က ခြိမ်းခြောက်စာ ပေးပို့ခဲ့ပါတယ်။
အဲ့ဒီလိုပေးပို့အပြီး ဇန်နဝါရီလ ၄ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ ၁၃ ဦး ကျဆုံးခဲ့သလို ၉ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။