ဘူးသီးတောင် NLD ဥက္ကဋ္ဌ သေဆုံးမှု တပ်မတော်လက်ချက်လို့ AA စွပ်စွဲ

ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်း
ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်း (Photo: U Ye Thein's Facebook)

0:00 / 0:00

ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ ဘူးသီးတောင် အခြေစိုက် စကခ (၁၅) က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေ AA တပ်စွဲထားရာ အုတ်တောင်ရွာ အရှေ့ဘက် ၃ မိုင်အကွာမှာရှိတဲ့ ပွိုင့်-၄၂၈ တောင်ကုန်းပေါ် ကျရောက်တာကြောင့် သေဆုံးတာဖြစ်ကြောင်း AA ရဲ့ မနေ့ညကထုတ်ချက်ပြန်တဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

တပ်မတော်ဘက်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်တာကြောင့် AA ကဖမ်းထားတဲ့ ဦးရဲသိန်းဟာ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး သေဆုံးသွားတာဖြစ်ပြီး ကောင်းမွန်စွာ သင်္ဂြိုဟ်လိုက်တယ်လို့ ရခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကိုပြောပါတယ်။

"မနေ့ကဗမာစစ်တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် မနေ့ကသေဆုံးသွားတာ"

ဦးရဲသိန်းအပြင် အခြားဖမ်းထားသူတစ်ချို့လည်း ထိခိုက်သေဆုံးပြီး AA တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကြေညာချက်မှာ ပါဝင်ပေမယ့် တပ်မတော်သားတွေရဲ့ ကျဆုံးဓါတ်ပုံတွေကို ထုတ်ပြန်လေ့ရှိသလို ဦးရဲသိန်းရဲ့ ရုပ်အလောင်းကိုတော့ ထုတ်ပြန်တာမတွေ့ရပါဘူး။

ဦးရဲသိန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နိုင်ငံတကာတရားရုံး ICJ အမှုကို သွားရောက်ရင်ဆိုင်တာကို ဘူးသီးတောင်မြို့မှာ ထောက်ခံပွဲလုပ်ဖို့ ဒီဇင်ဘာ ၁၁ ရက်နေ့က နယ်ကိုဆင်းရာမှာ AA ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာပါ။

ဦးရဲသိန်းသေဆုံးမှုဟာ AA မှာပဲ တာဝန်အရှိဆုံးဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

"ဦးရဲသိန်းသေဆုံးတဲ့ကိစ္စမှာ အဓိကတာဝန်အရှိဆုံးကတော့ ဒါ AA ပဲ"

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အစည်းဝေးလုပ်ပြီး ရှုံ့ချကန့်ကွက်ကြောင်း စာထုတ်ပြန်ဖို့ ရှိတယ်လို့လည်း မုံရွာအောင်ရှင်ကဆိုပါတယ်။

မနေ့ညကထုတ်ပြန်တဲ့ AA ရဲ့ကြေညာချက်ထဲမှာ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မြေပုံနဲ့ ချင်းပြည်နယ် နယ်စပ် ပလက်ဝ မြို့နယ်တွေမှာပါ တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်တာအပြင် မြေပုံမြို့နယ်မှာ ရဟတ်ယာဉ် နှစ်စီးနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ပလက်ဝမြို့နယ် နှုန်းဘူးကျေးရွာအနီး တိုက်ပွဲမှာ တပ်မတော်ဘက်က ကျဆုံးအရာရှိ တချို့ကို ရဟတ်ယာဉ်နဲ့ သယ်ဆောင်သွားတယ်လို့ AA ကဖော်ပြထားပေမယ့် RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီဖြစ်စဉ်တွေအတွက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီဇင်ဘာလ ၂၄ နဲ့ ၂၅ ရက်နေ့တွေက ဘူးသီးတောင်မြို့နယ်ထဲမှာ တိုက်ပွဲတွေ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

"ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာမရှိပါဘူး၊ ၂၅ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်တာမရှိပါဘူး"


AA ဘက်က တပ်မတော် ပစ်ခတ်မှုကြောင့် သေဆုံးတယ်လို့ ကြေငြာပေမယ့် တပ်မတော်ဘက်က တိုက်ပွဲ မဖြစ်ခဲ့ဘူးလို့ အခုလို ငြင်းဆိုလိုက်တဲ့အတွက် ဦးရဲသိန်းသေဆုံးမှုနဲ့ ပတ်သက်လို့ သံသယ ရှိစရာဖြစ်လာပါတယ်။

မနေ့က သေဆုံးသွားတယ်ဆိုတဲ့ ဦးရဲသိန်းအပြင် လက်ရှိ ရခိုင့်တပ်တော် AA က ဖမ်းဆီးထားတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း၊ ဒီဇင်ဘာ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့ကနေ တောင်ပဇာနယ်ခြားစောင့်စခန်းကိုသွားတဲ့ လူဝင်မှုကြီးကြပ်ရေး (လဝက) အရာရှိ သုံးယောက်လည်း ရှိနေပါသေးတယ်။

ဒါ့အပြင် AA ရဲ့နိုဝင်ဘာ ၁၂ ရက်နေ့ သုံ့ပန်းချင်း လဲလှယ်လိုကြောင်း ထုတ်ပြန်ချက်မှာ ရဲတပ်ဖွဲ့ဝင် ကိုးယောက်၊ တပ်မတော်သား ခြောက်ယောက်၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ယောက်၊ တပ်အင်ဂျင်နီယာ တစ်ယောက် စုစုပေါင်း ဝန်ထမ်း ၁၇ ယောက်လည်းရှိနေပါသေးတယ်။