မြောက်ဦး ခမရ-၅၄၀ တပ်ရင်းက လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း AA ထုတ်ပြန်

မြောက်ဦးမြို့ အခြေစိုက် ခမရ-၅၄၀ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား ထုတ်ပြန်ထားစဉ်။
မြောက်ဦးမြို့ အခြေစိုက် ခမရ-၅၄၀ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား ထုတ်ပြန်ထားစဉ်။ (AA Info Desk)

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက် ခမရ-၅၄၀ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဲဒီ ခမရ-၅၄၀ တပ်ရင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညက ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့တာပါ။ နောက်ထပ်ကျန်ရှိနေတဲ့ မြောက်ဦးမြို့ အခြေစိုက် ခမရ - ၃၇၇၊ ခမရ- ၃၇၈ တပ်ရင်းတွေကိုလည်း တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း AA အဖွဲ့ က ပြောဆိုထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ အသေးစိတ်မဖော်ပြထားပါဘူး။ အခု သိမ်းပိုက်လိုက်တဲ့ မြောက်ဦးအခြေစိုက် ခမရ- ၅၄၀ အပါအဝင် ရခိုင်တိုက်ပွဲအတွင်းမှာ ကျောက်တော်၊ မင်းပြားမြို့နယ်တွေက စစ်ကောင်စီ တပ်ရင်းကြီး ငါးရင်းနဲ့ ဗျူဟာကြီးတွေ၊ တပ်စခန်းတွေအများအပြားကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာ တပ်ရင်းတွေ အသိမ်းခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။