မြောက်ဦးခရိုင်ရဲစခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်
2023.12.26
ရခိုင်ပြည်နယ် မြောက်ဦးမြို့က မြောက်ဦးခရိုင်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာလ ၂၆ ရက်နေ့ညမှာ အပြီးသတ်သိမ်းနိုင်ပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ကတည်းက စစ်ကောင်စီရဲ့ မြောက်ဦးခရိုင်ရဲစခန်းနဲ့ သူတော်မတောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီဘက်က မြောက်ဦးခရိုင်ရဲစခန်းမကျရေးအတွက် လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ပြန်လည်ခုခံပေမဲ့ ဒီဇင်ဘာ ၂၆ ရက်ညမှာတော့ AA က သိမ်းယူနိုင်ခဲ့တာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီရဲ့ သူတော်မတောင် စခန်းကိုလည်း ဒီဇင်ဘာ ၂၅ ရက်နေ့က တိုက်ခိုက်မှုအတွင်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရခိုင်အခြေစိုက် သတင်းမီဒီယာတချို့မှာ ရေးသားထားပါတယ်။
ဒီစခန်းသိမ်းတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ RFA အနေနဲ့လည်း သီးခြားအတည် မပြုနိုင်သေးပါဘူး။
ပလက်ဝမြို့နယ်က “ခဝဲဗျူဟာကုန်း” ကိုလည်း အပြီးသတ် သိမ်းနိုင်ရေးအတွက် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောက်ဦးမြို့မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်နေတဲ့ သုံးရက်အတွင်း စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ကိုးဦး သေဆုံးခဲ့ပြီး ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။