အေအေနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့အမှုတွေ ပြန်ရုပ်သိမ်းရေး ဆွေးနွေးနေ

2021.04.26
အေအေနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့အမှုတွေ ပြန်ရုပ်သိမ်းရေး ဆွေးနွေးနေ ခိုင်ပြည်နယ် ဥပဒေချုပ်ရုံးမှာ ၂၀၂၁ ဧပြီ ၂၆ ရက် နေ့လယ်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခကာလအတွင်း အေအေနဲ့ ဆက်နွယ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့သူတွေကို အမှုပြန်ရုပ် သိမ်းဖို့ ဆွေးနွေးနေတယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ နေ့လယ်က စစ်တွေမြို့ ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက် ဥပဒေနဲ့ တရားစွဲခံထားရတဲ့သူတွေကို အမှုပြန်ရုပ်သိမ်းဖို့အစီအစဉ်ရှိ၊ မရှိ RFA ကမေးမြန်းရာမှာ အခုလို ပြောဆိုခဲ့တာပါ။

ရုပ်သိမ်းလွှာကို ဥပဒေဘောင်အတွင်းကနေ လုပ်ဆောင်နေပြီး အမှုကိုရုပ်သိမ်းလိုက်ပြီဆိုရင်တော့ သူတို့ဟာ လွတ်မြောက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူတို့ကို နိုင်ငံတော်အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ တရားစွဲခဲ့တာဖြစ်တဲ့အတွက် အမှုကိုပြန်ရုပ်သိမ်းမယ့်အခါမှာလည်း သူတို့ရဲ့သဘောတူညီချက်ကိုရဖို့ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းဆောင် ရွက်နေတယ်လို့လည်း ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က ပြောပါတယ်။

ဘယ်နေ့ ရုပ်သိမ်းမယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့လည်း သူကဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့သူ ၂၀၀ ဦးရှိတယ်လို့ စစ်တွေအခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

သူတို့ဟာ အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၀(ည)၊ ၅၀(ဃ)၊ ၅၁(က)၊ ၅၁(ဂ)၊ ၅၂၊ ၅၂(က)၊၅၂(ခ)စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီးတော့ အပစ်အခတ်တွေ ရပ်စဲခဲ့ပြီးနောက် နိုင်ငံတော်စစ်ကောင်စီက ရက္ခိုင့်တပ်တော် AA ကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ က အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပြန်ရုပ်သိမ်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။