AA စစ်ဦးစီးချုပ်ပုံနဲ့ မီးပုံးပျံလွှတ်သူ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ
2018.11.26

ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့မှာ သူ့ရုပ်ပုံပါတဲ့ မီးပုံးပျံကို လွှင့်တင်ခဲ့လို့ဆိုပြီး ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာက ဦးလှထွန်းကျော်ကို ကျောက်ဖြူမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။
မတရားအသင်းအက်ဥပဒေနဲ့ ငြိတယ်ဆိုပြီး တရားရုံးက ဒီနေ့ ဆုံးဖြတ်ခဲ့တာလို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေ ဦးတင်မြင့်က ပြောပါတယ်။
လိပ်ခမော်ကျေးရွာမှာ နေထိုင်တဲ့ ဦးလှထွန်းကျော်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၇ ရက်နေ့က AA စစ်ဦးစီးချုပ်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် မီးပုံးပျံလွှင့်တင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးတရားစွဲဆိုခံရပြီးနောက် တစ်နှစ်ကျော်အကြာ ဒီနေ့မှာ အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ တရားမျှတမှုရှိတယ်လို့ မယူဆတာကြောင့် အထက်တရားရုံးတွေကို အယူခံဝင်သွားမယ်လို့လည်း ရှေ့နေ ဦးတင်မြင့် က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။