ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ်က တောင်ဆိပ်မြစ်နဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် အကြားက မယူမြစ်အတွင်းမှာရှိတဲ့ အစိုးရတပ်မတော်ရဲ့ ရေယာဉ်တွေကို ရက္ခိုင့်တပ်တော် AA က မနေ့ကနဲ့ ဒီနေ့မနက်မှာ ဒုံးပစ်လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်အကြားက မယူမြစ်တွင်းမှာရှိတဲ့ အစိုးရတပ်မတော်ရဲ့ ရေယာဉ်ကို ဒီနေ့ မနက် ၅ နာရီ ၄၅ မိနစ်မှာ အနောက်ဘက်ကမ်းတစ်နေရာကနေ AA အဖွဲ့က ဒုံးပစ်လောင် ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကပြော ပါတယ်။
ပစ်ခတ်မှုကြောင့် တစ်စုံတရာ ထိခိုက်တာမရှိခဲ့ဘဲ ဒီနေ့ နေ့လည် ၁၂ နာရီခန့်အထိတော့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ကျေးရွာတွေကို တပ်မတော်ဘက်က ဝင်ရောက်စစ်ဆေးတာမရှိသေးကြောင်းနဲ့ လိုအပ်ရင် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
တပ်မတော်ရေယာဉ်တွေကို ရက္ခိုင့်တပ်တော် AA ဘက်က တိုက်ခိုက်တာတွေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က အခုလိုပြောပါတယ်။
ရေယာဉ်ကို ဒုံးလို့ ယူဆရတဲ့ အရာတစ်ခုနဲ့ ပစ်တာပေါ့။ ဘာမှတော့ မဖြစ်ပါဘူး။
"ရေကြောင်းလုံခြုံရေးတို့ ပြီးလို့ရှိရင် လိုအပ်လို့ရှိရင် အသုံးပြုနိုင်အောင် ရသေ့တောင်နဲ့ဆို ကီလိုမီတာ ၄၀၀၀ လောက်ကွာမှာပေါ့ အဲဒီမြစ်အတွင်းထဲမှာ ထားထားတဲ့ ရေယာဉ်ကို ဒုံးလို့ ယူဆရတဲ့ အရာတစ်ခုနဲ့ ပစ်တာပေါ့။ ဘာမှတော့ မဖြစ်ပါဘူး။ ကျနော်တို့ ခြေလျင်ခြေမြန်တပ်တွေကကျတော့ အမြဲတမ်းပဲ ချနေတော့ ရေတပ်တို့ အားနည်းတဲ့နေရာကို နှောက်ယှက်ပစ်ပစ်တာပေါ့။ ကျနော်တို့ကတော့ ပုံမှန်နယ်မြေရှင်းလင်းတာ ရှိပါတယ်"
ဒါ့အပြင် ဇူလိုင်လ ၁၉ ရက်နေ့ မနေ့ကလည်း မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ် တောင်ဆိပ်မြစ် အတွင်းက အစိုးရတပ်မတော်ရဲ့ ရေယာဉ် နှစ်စီးကို ရက္ခိုင့်တပ်တော်AA ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာရှိတယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကပြောပါတယ်။
အစိုးရတပ်မတော်ရဲ့ ရေယာဉ်တွေကို ပစ်ခတ်တာနဲ့ ပတ်သက်လို့ ခိုင်သုခ ပြောတာက

"ဗမာစစ်တပ်က ကျနော်တို့ကို အခုတိုက်နေတဲ့ စစ်ဆင်ရေးမှာ ကြည်း၊ ရေ၊ လေ အကုန်ပါပြီးတော့ တိုက်နေတယ်။ အခု ကြည်းတပ်တွေက အထိအခိုက်များပြီးတော့ ၁၈ ရက်နေ့မှာ တိုက်ခိုက်ခံရတာပေါ့။ ၁၉ ရက်နေ့မှာ အမ်းကနေပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာ မြေပုံမြို့နယ်အစပ်ကို သူတို့ကားနဲ့ မလာရဲ တော့ဘူး။ မလာရဲတော့ ရေတပ်ကနေပြီးတော့ ကျောက်ဖြူဘက်ကနေပို့တာ။ စစ်တွေဘက်ကနေပြီး လည်းပို့တယ်။ ရေတပ်ကနေတဆင့် စစ်ကူတွေပို့နေတာ။ အဲဒါကြောင့်မို့လို့လည်း ကျနော်တို့က ရေတပ်ကိုလည်း ပစ်ရတာ"
တောင်ဆိပ်မြစ်အတွင်း အစိုးရရေယာဉ် နှစ်စင်းကို AA ဘက်က တိုက်ခိုက်ခဲ့ပြီး အစိုးရတပ်မတော်ဘက်က ထိခိုက်မှုများခဲ့တယ်လို့ AA ဘက်က ပြောထားပါတယ်။
ဒါပေမဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က အနည်းအကျဉ်းသာ ထိခိုက်မှုရှိပြီး အသေးစိတ်မသိရသေးကြောင်း ပြောပါတယ်။
တောင်ဆိပ်မြစ်အနီးမှာရှိတဲ့ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးကျေးရွာက ဒေသခံတစ်ဦးကတော့ မနေ့က အစိုးရ တပ်မတော်ရဲ့ ရေယာဉ်တစ်စင်းပေါ်ကို လက်နက်ကြီးကျပြီး မီးခိုးတွေထွက်တာကို မြင်ခဲ့ရကြောင်းနဲ့ ရေယာဉ်ဟာ ကျောက်ဖြူမြို့ကို ပြန်ဆုတ်သွားတယ်လို့ သိရကြောင်း RFA ကို ပြော ပါတယ်။
AA ဘက်က တပ်မတော်ရေယာဉ်တွေကို အခုလိုပစ်ခတ်မှုတွေကြောင့် အနီးနားကျေးရွာတွေက ဒေသခံတွေကို တပ်မတော်က ဝင်ရောက်စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်မှာကို ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် ကသူရဲ့ စိုးရိမ်ချက်ကို အခုလိုပြောပါတယ်။
"ပစ်တာခတ်တာတွေရှိရင် အနီးနားက ရွာတွေအတွက် စိုးရိမ်ရတယ်။ လူတွေကို ဖမ်းတာဆီးတာရှိ တယ်။ စစ်တွေမှာ နေဗီ အပစ်ခံရတုန်းကလည်း တော်တော်ဖမ်းတာပဲ။ အနီးနားက ရွာတွေက ဖမ်းတာပဲ။ အခုလည်း စစ်တာဆေးတာ ဖမ်းတာတွေရှိနိုင်တယ်။ စိုးရိမ်လို့လည်း လူတွေ ပြေးကြတာပေါ့။ လက်နက်ကြီး၊ လက်နက်ငယ်ကျရင် သူတို့ပြေးပြီလေ။ မနေ့က ပြေးတာတော့ အမြင့်တောင်၊ ရေဆိုးချောင်း ကလည်း ပြေးတယ်။ နောက် ခရုချောင်း အဲရွာတွေ ပြေးတယ်။ မနေ့က ရသေ့တောင်မြို့ပေါ်မှာ လူဦးရေ တိုးတယ်။ စစ်ဘေးဒုက္ခသည် ဦးရေ"
ဇူလိုင်လ တတိယအပတ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက ပလက်ဝ၊ ဘူးသီးတောင်၊ ရသေ့ တောင်၊ အမ်း၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အခုလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ ဘူးသီးတောင်မြို့နယ်အတွင်းက ကံပြင်ကျေးရွာ တစ်လျှောက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဖြစ်လို့ ကံပြင်ကျေးရွာမှာ ဒေသခံတွေမရှိတော့ဘဲ စေတီတောင်ကျေးရွာ၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့ပေါ်တွေကို ထွက်ပြေးခဲ့ကြရပါတယ်။
တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်ထဲက ကံပြင်၊ စည်တောင်၊ စပါးထ၊ ကွမ်းတောင်၊ နွားရုံ တောင်၊ ဥယျာဉ်တောင်၊ သပြေဆိပ် အစရှိတဲ့ ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ၄၀၀၀ ကျော်ဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒေသခံတွေသတင်းနဲ့ ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ပြောတာက
"မိမိနေရပ်အိုးအိမ်ကို စွန့်ခွာပြေးတယ်ဆိုတာ ဘယ်လိုအဆင်ပြေနိုင်မလဲ။ အခုဒီမှာက ကျနော်တို့ ဒုက္ခသည် စခန်းဆိုတာကလည်း သတ်သတ်မှတ်မှတ် ရှိတာမဟုတ်ဘူး။ နီးစပ်တဲ့ရွာတွေမှာ ဆွေမျိုးတွေဆီမှာ ကုတ်ကပ်ပြီးနေရတာတွေရှိတယ်။ ကံပြင်မှာ ဖြစ်တဲ့ဟာနဲ့ တစ်ဆက်တည်း နွားရုံတောင်ရယ်၊ သျှီရှားတောင်ရယ်၊ ဆင်သေရယ်မှာ ဖြစ်တယ်လို့လည်း ကျနော်တို့ ကြားပါတယ်ခင်ဗျ"
စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးက ကောက် ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသောင်းကျော် အထိရှိနေပါတယ်ရှင်။
(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)