တောင်ကုတ်မြို့နယ်ကို သိမ်းပိုက်ပြီး အမ်းနဲ့ ဂွကို AA ထိုးစစ်ဆင်
2024.12.16

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် အမ်းနဲ့ ဂွမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်နေပြီး သိမ်းပိုက်နိုင်ရေး နီးစပ်နေပြီလို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြောပါတယ်။
အမ်းမြို့ကို AA က ထိန်းချုပ်ထားနိုင်ပြီး နောက်ဆုံးကျန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း မကြာခင်မှာ သိမ်းပိုက်နိုင်တော့မယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
"အမ်းစစ်မြေပြင်ကတော့ အမ်းမြို့တစ်ခုလုံးကို ကျွန်တော်တို့က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ အမ်းမြို့ရဲ့ အောက်နားလေးမှာ နောက်ဆုံး ကွက်ကွက်လေးကျန်နေတဲ့ နပခဌာနချုပ်စခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာရှိတယ်။ အခြေအနေကောင်းတယ်။ မကြာခင်မှာ သိမ်းပိုက်နိုင်တော့မယ်လို့ ပြောလို့ရပါတယ်"
ဂွမြို့နယ်မှာတော့ ဂွမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းကို ထိုးစစ်ဆင်နေသလို စစ်ကောင်စီတပ်က ဂွမြို့မကျရေး လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူတွေ သုံးပြီး ခုခံနေတယ်လို့ သူက ပြောပါတယ်။
အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာချုပ်မှာတော့ စစ်ကောင်စီတပ်သားတွေ အုပ်စုလိုက် လက်နက်ချတာရှိနေပြီး ကတုပ်ကျင်းနဲ့ အကာအကွယ်တွေမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က လက်နက်ချဖို့ တိုက်တွန်းနေတယ်လို့ အမ်းမြို့နယ်က စစ်ရေးအခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အမ်းမြို့နဲ့ မိုင် ၂၀ အကွာ တောင်စောက် ရေနံပိုက်လိုင်း ထိန်းချုပ်ရေးစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အမ်းတောင်ကြားလမ်းအတိုင်း တက်လာနိုင်ဖို့ လက်နက်ကြီးပစ်ခတ်တာနဲ့ အဆင့်မြင့်ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့ထဲ ၁၂ မြို့နယ်ကို AA သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်းနဲ့ ဂွကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်တာကြောင့် စစ်ကောင်စီ အပြည့်အ၀ ထိန်းချုပ်ထားနိုင်တဲ့မြို့နယ်က သုံးမြို့နယ်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
AA နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့ပေါင်း ၂၁ မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။