နပခ တိုင်းစစ်ဦးစီးပြောဆိုချက် ဗီဒီယိုရုပ်သံ AA ထုတ်ပြန်
2024.12.27

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) စခန်းသိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) က ဖမ်းမိထားတဲ့ ဒုတိယတိုင်းမှူး၊ တိုင်းဦးစီးချုပ် စတဲ့ အဆင်မြင့်အရာရှိတွေအပြင် ရာနဲ့ချီတဲ့ စစ်သုံပန်းတွေ ထိန်းသိမ်းထားရှိတဲ့ ရုပ်သံမှတ်တမ်းကို AA က ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ နပခ ဌာနချုပ်ရဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းရဲ့ ပြောဆိုချက်ကို ထည့်သွင်းဖော်ပြထားတာလည်း တွေ့ရပါတယ်။
နပခ ဌာနချုပ် မကျရေး အစွမ်းကုန် ခုခံကာကွယ်ခဲ့ပေမဲ့ စစ်ကူစစ်ကြောင်းတွေ အချိန်မီ မရောက်တာ၊ ရောက်လာတဲ့စစ်ကြောင်းတွေ ဖြတ်တောက်တိုက်ခိုက်ခံရတာနဲ့ နပခ တိုင်းစစ်ရုံးကို AA က ဝိုင်းပတ်တိုက်ခိုက်ချိန် ရိက္ခာ၊ ဆေးဝါး၊ ခဲယမ်းနဲ့ ရေ ပြတ်တဲ့ အခြေအနေအထိ ကြုံခဲ့ရပြီး နောက်ဆုံးမှာ နပခကို လက်လွှတ်လိုက်ရတာလို့ AA ထုတ်ပြန်တဲ့ရုပ်သံဖိုင်မှာ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောဆိုထားပါတယ်။
ဒါကြောင့် နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ခေါင်းဆောင်တွေက လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘဝတွေကို ငဲ့ညှာပြီး ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတာကို လက်ခံဖို့နဲ့ ပြည်သူလူထုကို ဗုံးကြဲနေတာတွေကို ရပ်တန့်ဖို့ သတင်းစကားပါးတဲ့အကြောင်းလည်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ထည့်သွင်းပြောဆိုပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ AA လက်ထဲ စစ်သုံ့ပန်းအဖြစ် ရောက်နေချိန် ပြောဆိုတာဖြစ်လို့ တိုင်းဦးစီးချုပ်က ကိုယ်ပိုင်ဆန္ဒနဲ့ လွတ်လွတ်လပ်လပ် ပြောဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
“အဖမ်းခံရပြီးမှ ပြောတဲ့စကားတွေက ဘယ်လိုလုပ်ပြီးတော့မှ စိတ်ရင်းအမှန်နဲ့ ပြောတဲ့စကားတွေလို့ ယူဆလို့ရမလဲ။ ဒါကတော့ ရှင်းပါတယ်။ ပြန်တွေးကြည့်ရင် ဒါအားလုံး ကျွန်တော်တို့သိနေတဲ့အရာပါပဲ။ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့တော့ မဖြစ်နိုင်ဘူး”
နပခ ဌာနချုပ် သိမ်းပိုက်ခံရတာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီအတွက် ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်လိုက်ရတာဖြစ်ပြီး ဒါဟာ မြန်မာစစ်တပ်သမိုင်းမှာ မကြုံဘူးလောက်အောင် ရှုံးနှိမ့်မှုနဲ့ ရင်ဆိုင်နေရတာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် သုံးမြို့နယ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး AA က ၁၃ မြို့နယ်ကို သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ ကျန်တစ်မြို့နယ်ဖြစ်တဲ့ ဂွမြို့နယ်မှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။