Mytel ဝန်ထမ်းနှစ်ဦးကို AA က ဖမ်းဆီးထားတယ်လို့ တပ်မတော်စွပ်စွဲ
2019.12.27
စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းက ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်ဟာ ဒီဇင်ဘာလ ၂၃ ရက် ကျောက်တော်မြို့အနီးမှာ ပျောက်ဆုံးသွားပြီး AA အဖွဲ့ရဲ့ ဖမ်းဆီးခံထားရတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Mytel တာဝါတိုင်တွေကို စစ်ဆေးဖို့အတွက် Mytel ဆက်သွယ်ရေးလုပ်ငန်းက ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်း ဦးစောသိန်းမောင်တို့ဟာ စစ်တွေမြို့ကနေ ဒီဇင်ဘာ ၁၇ ရက်က စတင်ထွက်ခွာခဲ့ပြီး အမ်း၊ သံတွဲ၊ မင်းပြားမြို့တွေကို သွားရောက်ခဲ့ချိန်မှာ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။
သက်ဆိုင်ရာရဲစခန်းမှာ လူပျောက်တိုင်ကြားထားတယ်လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောပါတယ်။
"လောလောဆယ် ကျွန်တော်တို့ကတော့ ပျောက်ဆုံးတယ်လို့ပဲပေါ့နော်၊ ဘာကြောင့် ဘယ်လိုဆိုတာ အခုထက်ထိ ဘာမှသေသေချာချာ မသိသေးဘူး။ ပျောက်တာတော့ ဟုတ်တယ်။ ဖြစ်တဲ့နေ့ကတည်းက စခန်းမှာ ကျွန်တော်တို့ လူပျောက်တိုင်ထားတယ်။ သက်ဆိုင်ရာတွေ၊ ကျွန်တော်တို့ ဝန်ထမ်းတွေ၊ ဒေသခံတွေ ညှိနှိုင်းပြီး လိုက်လုပ်နေတယ်။ ဒါပေမဲ့ ဘာမှအဆက်အသွယ် မရသေးဘူးဖြစ်နေတာ"
ပျောက်ဆုံးနေသူ နှစ်ဦးထဲက ဦးဇော်ထွန်းအောင်ဟာ ရခိုင်ဒေသခံတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးဟာ ဒီဇင်ဘာ ၂၂ ရက်နေ့က မင်းပြားမြို့မှာ ညအိပ်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ကျောက်တော်မြို့ကို ဆက်လက်ထွက်ခွာစဉ် အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
ဒေသခံတွေပြောကြားချက်အရ ကျောက်တော်မြို့၊ တောင်ပေါက်ကျေးရွာအနီးမှာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဒီညနေအထိ ပြန်လည်ဖြေကြားတာ မရှိပါဘူး။
အရပ်သားတွေ၊ ဝန်ထမ်းတွေကို AA က အခုလို ဖမ်းဆီးနေတဲ့အပေါ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ပြောတာက --
"အဓိကကတော့ အုပ်ချုပ်မှုယန္တရား ပျက်ပြားအောင် လုပ်တာဖြစ်မှာပေါ့။ တော်ကြာ ဟိုအုပ်ချုပ်ရေးမှူး ဖမ်းလိုက်၊ တော်ကြာ ဟိုအရပ်သား ဖမ်းလိုက်၊ တော်ကြာ ဟိုမီးသတ် ဖမ်းလိုက်ဆိုတော့ ကျွန်တော် ထင်တယ်လေ ဒီမှာ မင်းတို့ အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေပြီ၊ ငါတို့က ဒီမှာနယ်မြေကို စိုးမိုးထားပြီ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီနယ်မြေက ငါတို့ နယ်မြေဆိုပြီး အာဏာကို တည်ဆောက်တယ်ထင်တာပဲ"
သူတို့နှစ်ဦးကို ခေါ်သွားတယ်လို့ သတင်းရတဲ့နေရာတွေမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။
ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲကာလ တစ်နှစ်အတွင်း နှစ်ဘက်သံသယနဲ့ အရပ်သားနဲ့ ဝန်ထမ်းတွေ အများအပြား ဖမ်းဆီးခံနေရတာပါ။
AA က ရဲ တပ်ဖွဲ့ဝင် ကိုးယောက်၊ တပ်မတော်သား ခြောက်ယောက်၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ယောက်၊ တပ်အင်ဂျင်နီယာ တစ်ယောက် စုစုပေါင်း ၁၇ ယောက်နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းတို့ကို ဖမ်းဆီးထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး အပါအဝင် လဝက အရာရှိ သုံးယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။
တဖက်ကလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ နှမနဲ့ ယောက်ဖဖြစ်သူအပြင် AA ကို ရန်ပုံငွေရှာ ထောက်ပံ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရခိုင်တိုင်းရင်းသားတချို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရသလို ဇနီးဖြစ်သူနဲ့ သားသမီးနှစ်ဦးကလည်း ထိုင်းနိုင်ငံမှာ ဖမ်းခံထားရပါတယ်။
အခုလိုဖမ်းဆီးမှုတွေ မရှိသင့်ဘူးလို့ နိုင်ငံရေးကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုဝေဖန်နေပေမယ့် လျော့ကျသွားတာမရှိဘဲ တဘက်နဲ့တဘက် ဖမ်းဆီးတာတွေ ရှိနေဆဲဖြစ်ပါတယ်။