ကျောက်တော်မှာ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော်ထိရှိလာ
2018.12.20

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့ရဲ့တိုက်ပွဲတွေကြောင့် ကန်စောက်၊ သလူချောင်း၊ ငါးစင်ရိုင်းကိုင်း စတဲ့ ကျေးရွာတွေကို ထွက်ပြေးရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဒီနေ့ညနေပိုင်းမှာ လူဦးရေ ၄၀၀ ကျော်အထိရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်မတော်ဘက်က ရဟတ်ယာဉ်တွေသုံးပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ကစပြီး တဖြည်းဖြည်း ထွက်ပြေးတိမ်းရှောင်လာကြတာလို့လည်း စစ်ဘေး ဒုက္ခသည်တွေက ပြောပါတယ်။
ဒီနေ့မှာလည်း ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်း တွင်းပညာကျေးရွာအနီးတဝိုက်မှာ ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ကျောက်တော်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန် က RFA ကို ပြောပါတယ်။
ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာမှာတော့ ကျွန်းသာယာ၊ ချင်းမဝန်တောင်း၊ ခရုမော်၊ စတဲ့ ကျေးရွာတွေက စစ်ဘေး ဒုက္ခသည် ၁၀၀ လောက်ရောက်ရှိနေပြီး အများစုက အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေဖြစ်ကြပါတယ်။
အဲဒီစစ်ဘေးဒေုက္ခသည်တွေအတွက် ရခိုင်အမျိုးသားပါတီ ANP က ဆန်အိတ်တွေ ဒီနေ့သွားရောက်လှူဒါန်းခဲ့ပြီး အရေးပေါ်အကူအညီတွေပေးအပ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြထားတယ်လို့ ကန်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသင်္ခါကျော်က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။