စစ်ပြေးဒုက္ခသည်တစ်ရာကျော်ကို AA တပ်ဖွဲ့ကူညီထားတယ်လို့ဆို

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲပြင်း ထန်နေပြီး၊ တောထဲမှာပုန်းရှောင်နေတဲ့ ရွာသား ၁၂၄ ယောက်ကို AA အဖွဲ့က ဘေးလွတ်ရာမှာ ကူညီထားတယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က RFA ကို မနေ့ညက ပြောပါတယ်။ ခမောင်းဝရွာက ၇၆ ယောက်နဲ့ ကင်းတလင်းရွာ က ၄၈ ယောက်ကို တနင်္လာနေ့မှာ ကယ်ထုတ်လာတာလို့ ဆိုပါတယ်။

ဇန်နရီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေက ကင်းတလင်းချောင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပြီး တဲ့နောက် တရွာအိုင်အခြေစိုက် မြန်မာ့တပ်မတော်စစ်ဗျူဟာဌာနချုပ်က ၁ဝ၅ မမ အမြှောက်တွေနဲ့ တောတွေ တောင်တွေထဲ ပစ်ခတ်ခဲ့တဲ့အတွက် ခမောင်းဝနဲ့ ကင်းတလင်းအပါအဝင် စုစုပေါင်း ရွာ ၇ ရွာက ပြည်သူတွေ ထွက်ပြေးကြတယ်လို့လည်း ပြောပါတယ်။

အဲဒီတိုက်ပွဲတွေနဲ့ ပြည်သူတွေ ထွက်ပြေးရတဲ့အကြောင်း၊ မြန်မာ့တပ်မတော်ဘက်က အတည်ပြုချက်ရဖို့ RFA က ကြိုးစားပေမယ့် လတ်တလောမှာ ဆက်သွယ်လို့မရသေးပါဘူး။