နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းမည်ဖြစ်ကြောင်း AA ထုတ်ပြန်
ရခိုင်ပြည်နယ်က မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို ထိန်းချုပ်ပြီးနောက် ပြည်တွင်းရေးအခြေအနေတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဒီဇင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-12-29 -
-
-
ရခိုင်ပြည်နယ်က မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို ထိန်းချုပ်ပြီးနောက် ပြည်တွင်းရေးအခြေအနေတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဒီဇင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က စခဲ့တဲ့ AA ထိုးစစ်တွေဟာ အာရက္ခဒေသတွင်းမှာ နေထိုင်တဲ့ ပြည်သူတစ်ရပ်လုံးရဲ့ လိုလားတဲ့ဆန္ဒနဲ့ ဒေသနေ လူမျိုးပေါင်းစုံလွတ်မြောက်ရေးကို အဓိကရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ အာရက္ခဒေသတွင်း ထိုးစစ်တွေဟာ မြန်မာပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်အောက်က လွတ်မြောက်ရေးအတွက်လည်း တိုက်ရိုက်အထောက်အကူပြုမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
AA အနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်မှု ကင်းလွတ်တဲ့အခြေအနေဖြစ်လာတာကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး သံတမန်ရေးနဲ့ နိုင်ငံရေးအရ သဘောထားတွေ ကြိုတင်ထုတ်ပြန်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။
"စစ်တွေ ပြီးတာနဲ့တစ်ပြိုင်နက် ရခိုင်ပြည်နယ်ဟာ စစ်ကောင်စီ ကင်းစင်သွားပြီလို့ ယူဆလို့ရတဲ့အခါမှာ AA တပ်ဖွဲ့အနေနဲ့ ကျွန်တော်တို့ အထူးသဖြင့် တရုတ်အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ကိစ္စတွေ ပြောရဆိုရတော့မှာပေါ့ဗျာ။ အဓိကအားဖြင့် ကျောက်ဖြူပေါ့။ နောက်တစ်ခုက စစ်တွေ သိမ်းလိုက်ပြီဆိုရင် ကျွန်တော်တို့ အိန္ဒိယနဲ့လည်း ကုလားတန်စီမံကိန်းကိစ္စတွေ ပြောရမဲ့အနေအထား ရှိတာပေါ့။ အဲဒါကြောင့် အခုကြိုတင်ပြီးတော့ သံတမန်ရေးအရ နိုင်ငံရေးအရ သဘောထားတွေ ခင်းကျင်းတာလို့ ကျွန်တော်ကတော့ ယူဆပါတယ်"
စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးတဲ့အခါ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရမယ်လို့ ပြောဆိုထားတဲ့အပေါ် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ ဖြစ်ဖို့မလွယ်ဘူးလို့လည်း ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွင်း တရုတ်ရဲ့ ဦးဆောင်မှုအောင်မှာ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး၊ အကြမ်းဖက်မှုပပျောက်ရေး၊ အွန်လိုင်းလောင်းကစား (ကျားဖြန့်) တိုက်ဖျက်ရေးကဏ္ဍတွေကို ကိုးကန့်၊ တအာင်း အဖွဲ့အစည်းတွေနဲ့အတူ ဟိုင်ဂင်သဘောတူညီချက်အတိုင်း တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ULA/AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ အကျိုးစီးပွားဖြစ်ထွန်းတဲ့ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမဲ့ မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုမဆို အသိအမှတ်ပြု ကြိုဆိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသူတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်တို့ကို အထူးဂရုစိုက်ပြီး ကာကွယ်စောင့်ရှောက်ပေးမယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ဘီလီယံနဲ့ချီတဲ့ တရုတ်စီမံကိန်း ၁၁ ခုရှိတဲ့အထဲ စီမံကိန်းဆယ်ခုကို AA က ထိန်းချုပ်ထားတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP -Myanmar) က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်တဲ့အနက် မြို့နယ် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး တရုတ်စီမံကိန်းကြီးရှိတဲ့ ကျောက်ဖြူ၊ မာန်အောင်နဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့တွေပဲ ကျန်ပါတော့တယ်။
AA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ ရှိသေးပါဘူး။ ဒါပေမဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မျက်ကွယ်ပြုနေတယ်လို့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၅ဝ ပြည့် အာခါအမျိုးသားနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားပါတယ်။