ရွေးကောက်ပွဲ မရိုးသားမှုတွေစောင့်ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုပေမယ့် မဲပေး၊ မဲရေတွက်တဲ့ နေရာမှာ ရိုးသားမှု ရှိမရှိ သေသေချာချာ စောင့်ကြည့်ပြီး မရိုးသားတာတွေ တွေ့ရင် ဖော်ထုတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို တိုက်တွန်းလိုက်တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

၂၀၁၀ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်ကို မြန်မာ စစ်အစိုးရက ၂၀ဝ၈ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် မမျှော်လင့်ပဲ ကြေညာလိုက်သည့် သတင်းကို လမ်းဘေး စာနယ်ဇင်းဆိုင်တခုတွင် ဖတ်ရှုနေသည့် သံဃာတပါး ဖြစ်ပါသည်။ (Photo: AFP)
၂၀၁၀ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်ကို မြန်မာ စစ်အစိုးရက ၂၀ဝ၈ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် မမျှော်လင့်ပဲ ကြေညာလိုက်သည့် သတင်းကို လမ်းဘေး စာနယ်ဇင်းဆိုင်တခုတွင် ဖတ်ရှုနေသည့် သံဃာတပါး ဖြစ်ပါသည်။ (Photo: AFP) (AFP)

ဒီကိစ္စနဲ့ ပတ်သက်လို့ တနင်းလာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရခဲ့တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကို RFA က ဆက်သွယ် မေးမြန်းတဲ့အခါမှာ ...

ဦးဉာဏ်ဝင်း။ ။"ကျနော် ပြောတာက ရွေးကောက်ပွဲကို NLD က မဝင်ပေမယ့် ရွေးကောက်ပွဲကို လစ်လျူရှုထားဖို့ မဟုတ်ဘူး။ ရွေးကောက်ပွဲ တရားမျှတရေး ဆိုတာ အဖွဲ့တွေ ပါတီတွေမှာတင် တာဝန်ရှိတာ မဟုတ်ဘူး။ လူတိုင်းလူတိုင်းမှာ ပုဂ္ဂိုလ်ရေးရာ တာဝန်ရှိတယ်လို့ အဲဒီလို ပြောတယ်"

ရွေးကောက်ပွဲမှာ မသမာမှုတွေ တွေ့ရင် ဖော်ထုတ်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေရော ပြည်သူတွေမှာပါ တာဝန်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ပြောပြတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ရေးသားကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ နိုင်ငံရေးကို စိတ်ဝင်စားတဲ့အပေါ်မှာ အားရကျေနပ်မိပြီး၊၂၀၁၀ ရွေးကောက်ပွဲဆိုတာ အဆုံးအဖြတ် မဟုတ်ဘဲ နိုင်ငံရေးရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်တယ်လို့ ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြောတယ်လို့လည်း အေအက်ဖ်ပီ သတင်းတရပ်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနဲ့ဒေါ်ခင်ဌေးကြွယ်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရခဲ့ပြီး အမှုကိစ္စ၊ နေအိမ်ပြင်တဲ့ကိစ္စနဲ့ လတ်တလော နိုင်ငံရေးတွေ ပြောဆို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

NLD က ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ကိစ္စကိုလည်း ပြောဆိုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ ဒီကနေ့ NLD ခေါင်းဆောင်တွေနဲ့ ဦးဉာဏ်ဝင်း တွေ့ဆုံ တိုင်ပင်ပြီးမှ သတင်း ထုတ်ပြန်မယ်လို့ သိရပါတယ်။