ရွှေပြည်သာအလုပ်သမားတွေ ဆက်လက်ဆန္ဒပြဖို့ ဆုံးဖြတ်

ရွှေပြည်သာစက်မှုဇုန်က Eland Myanmar စက်ရုံရှေ့မှာ ဆန္ဒပြအလုပ်သမားတွေကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က တွေ့ရစဉ်
ရွှေပြည်သာစက်မှုဇုန်က Eland Myanmar စက်ရုံရှေ့မှာ ဆန္ဒပြအလုပ်သမားတွေကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က တွေ့ရစဉ် (Photo: Kyaw Zaw Win/ RFA)

ရွှေပြည်သာစက်မှုဇုန်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမားတွေက အစိုးရက ဥပဒေအရ အရေးယူ သွားမယ်လို့ သတိပေးထားပေမဲ့ လုပ်ခလစာတိုးပေးရေး အတွက် ဆက်လက်ဆန္ဒပြသွားမှာဖြစ်ကြောင်း ပြော ပါတယ်။

ဥပဒေမဲ့လုပ်ရပ်တွေနဲ့ စက်ရုံပြင်ပမှာ ပိတ်ဆို့ဆန္ဒပြနေ တာတွေကို အရေးယူသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းကလည်း ဆန္ဒပြအလုပ်သမားတွေဟာ အလုပ်ရှင်တွေဘက်က မလိုက်လျောနိုင်တဲ့လုပ်ခတွေကို တောင်းဆိုနေကြောင်း နဲ့ ဆန္ဒပြမှုတွေကြောင့် လုပ်ငန်းတွေပိတ်လိုက်ရတဲ့အထိ အခြေအနေတွေရှိကြောင်း သဘောထားထုတ်ပြန် ခဲ့ပါတယ်။

Eland Myanmar ၊ Costec နဲ့ Ford Glory အထည်ချုပ်စက်ရုံတွေက အလုပ်သမား ၅ဝဝ လောက်ဟာ Eland Myanmar စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတာ တစ်လနီးပါးကြာနေပြီဖြစ်ပါတယ်။ ဆန္ဒပြအလုပ်သမားတွေက အခြေခံလုပ်ခလစာ တစ်လကျပ် သုံးသောင်း တိုးပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားခေါင်းဆောင်နှစ်ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။