မဖြူနှင်းထွေးကို ရုံးထုတ်စစ်ဆေး


2014.09.23
phyu-hin-htwe-305.jpg အဖမ်းခံရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် မန္တလေးခရိုင်က မဖြူနှင်းထွေးပုံ
Photo: Jasmine Black Facebook

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်ဝန်ထမ်းနှစ်ဦးကို ဒေသခံတွေနဲ့အတူ ထိန်းသိမ်း ထားရာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် မဖြူနှင်းထွေးကို ဒီနေ့  စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တရားရုံးချိန်းမှာ တရားလိုပြသက်သေ သုံးဦးကို စတင်စစ်ဆေးတယ်လို့ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသအဖွဲ့ဝင် မဖြူနှင်းထွေးအမှုကို လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေ ဦးနန္ဒဇော်က ပြောပါတယ်။

"ဒီနေ့ ရုံးထုတ်တာကတော့ တရားလိုပြသက်သေ ၃ ဦးကို စစ်တယ်၊ ဒီနေ့ ကျနော်တို့ အာမခံတင်တာ ကတော့ အပယ်ခံရတယ် ခင်ဗျ၊ ပုဒ်မ ၃၆၄ နဲ့ ၃၆၈ ရယ်၊ တရုတ်ကို ပြန်ပေးဆွဲတဲ့အဖွဲ့ထဲမှာ ဖြူနှင်းထွေး ပါတယ်ဆိုပြီးတော့ သူတို့က အဲ့လိုစွဲချက်နဲ့ တင်ထားတာပေါ့"

လက်ပံတောင်းတောင်မှာ ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့က တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဝန်ထမ်း ၂ ဦးကို ဒေသခံတွေ က ခေတ္တထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ မဖြူနှင်းထွေး ပါဝင်တယ်ဆိုပြီး စက်တင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာပါ။

မဖြူနှင်းထွေးကို လက်ရှိ မုံရွာအကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့ကို ရုံးချိန်းအဖြစ် ပြန်ချိန်းထားတယ်လို့ သိရပါတယ်။

မဖြူနှင်းထွေးကို အမှုကနေ ရုပ်သိမ်းပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တောင်းဆိုခဲ့ပါတယ်။

တရားစွဲဖမ်းဆီးခံထားရတဲ့ ဗကသများအဖွဲ့ချုပ်က မဖြူနှင်းထွေးကို ယင်းမာပင်ခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ပြီး တရားလိုပြသက်သေနှစ်ယောက်ကိုစစ်ဆေးခဲ့ရာမှာ သူတို့ရဲ့ထွက်ဆိုချက်မှာ မဖြူနှင်းထွေး ပါဝင် တ်သက်မှုကို ခိုင်ခိုင်လုံလုံမပြနိုင်ဘူးလို့ တရားခွင်မှာ နားထောင်ခဲ့ရတဲ့ မဖြူနှင်းထွေးရဲ့အကို ဖြစ်သူ ကိုပြည့်ဖြိုးက ပြောပါတယ်။

ကိုပြည့်ဖြိုးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားတာနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။