ပခုက္ကူလေဆိပ်စီမံကိန်း သိမ်းယူမြေတွေ အတွက် လျော်ကြေးပေးမည်
2015.02.24
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့လေဆိပ်တည်ဆောက်ဖို့ ပို့ဆောင်ရေးဝန်ကြီးဌာနကသိမ်းယူခဲ့တဲ့ ယာမြေဧက ၉၀၀ ကျော်အတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်ကျော်ကို လယ်သမားတွေ ထံ ပေးအပ်သွားမယ်လို့ ပခုက္ကူမြို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
လယ်သမားဦးရေကို စာရင်းကောက်ယူထားပြီး တစ်ဧကကို လျော်ကြေးကျပ် ၁၅ သိန်းနှုန်းနဲ့ ပေးမှာ ဖြစ်တယ်လို့ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။
"မူလပိုင်ဆိုင်တဲ့ပိုင်ရှင်တွေကို ငွေပေးဖို့က အဆင်သင့်ပါပဲ၊ ဧရိယာအတွင်းမှာပါသွားတဲ့ တောင်သူအားလုံး ကို ပေးသွားမှာဖြစ်ပါတယ်၊ သက်ဆိုင်ရာက သတ်မှတ်လိုက်တာ ယာမြေတစ်ဧကကို ၁၅ သိန်းနှုန်းနဲ့ပေးလျော် မှာပါ၊ စုစုပေါင်းဆိုရင် ဧက ၉ဝဝ ကျော်ကို သိန်းပေါင်း ၁၄ဝဝဝ ကျော်လောက်ဖြစ်ပါမယ်ခင်ဗျ"
ပခုက္ကူလေဆိပ်တည်ဆောက်ဖို့အတွက် မြောက်လူးကန် ၊ အုတ်ကန် ၊ ပန်းတိုင်းခြုံ ၊ ကြီးကျေးရွာတွေက တောင်သူ ၁၅၀ ကျော်ရဲ့ ယာမြေတွေကို ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကသိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
လေဆိပ်စီမံကိန်းကြောင့် သိမ်းယူခံရတဲ့ ယာမြေတွေအတွက် လျော်ကြေးပေးဖို့ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနနဲ့ ဟုန်ပန်းဆောက်လုပ်ရေး ကုမ္ပဏီက ပခုက္ကူလေဆိပ်ကို ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ၂ နှစ်ကြာ တည်ဆောက်ခဲ့တာဖြစ်ပြီး အခုချိန်မှာ လေယာဉ်ကွင်းကို အသုံးပြုခြင်းမရှိသေးပါဘူး။