အဲဒီ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်နဲ့ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း ဗဟို အလုပ်အမူဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
“အခု လားရှိုးမြို့ကို လာရောက်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ကျွန်တော်က ဆွေးနွေးပါတယ်။ အစကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီ အဖြစ်နဲ့ မှတ်ပုံမတင်သော်လည်းပဲ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် မြန်မာနိုင်ငံ ဖော်ဆောင်ရေးကို သန္နိဋ္ဌာန် ချထားတဲ့၊ တရားမျှတမှုကို လိုလားတဲ့ ပါတီဝင်ထုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအတိုင်း ပြည်နယ်၊ တိုင်းအသီးသီးမှာ ဒုနဲ့ ဒယ်နဲ့ ခိုင်ခိုင်မာမာ စည်းစည်းလုံးလုံး ဆက်လက် ရပ်တည်နေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မှာကြားချက်တွေ၊ တိုင်းရင်းသားများအပေါ်မှာ ထားရှိတဲ့ ဒေါ်စုရဲ့ စေတနာတွေ၊ သဘောထားတွေ၊ တိုင်းရင်းသား လူငယ်များကော အပါအဝင် လူငယ်များ ဆက်လက် ဆောင်ရွက်ရမဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးတွေ၊ နောက် ဒေါ်နန်းခင်ထွေးမြင့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဉာဏ်ဝင်း စက်တင်ဘာ ၃ ရက်နေ့ တွေ့ဆုံစဉ်မှာ မှာကြားလိုက်တဲ့ မှာကြားချက် ၉ ချက်ကို အသေးစိတ် ရှင်းပြပါတယ်။
လားရှိုးမြိုု့ နယ် စည်းရုံးရေးကော်မတီဝင် ဦးမြင့်အောင်ရဲ့ နေအိမ်မှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ အဖွဲ့ချုပ် ခေါင်းဆောင်တွေက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင်၊ မြို့နယ် စည်းရုံးရေးကော်မတီ ဦးထွန်းရွှေနဲ့ မြို့နယ်အသီးသီးက ကိုယ်စားလှယ် ၂၀ ကျော်နဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
အဖွဲ့ချုပ် ဗဟိုက ချောင်းဆုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် ၊ လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း ၊ ဖားအံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ် နန်းခင်ထွေးမြင့် ၊ မန္တလေး တိုင်းစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်၊ မန္တလေး ဗဟိုဦးစီးအဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင် ၊ တိုင်း အမျိုးသမီး ခေါင်းဆောင် ဒေါ်သန်းသန်းအေး၊ ဗဟိုလူငယ်တာဝန်ခံ ကိုမျိုးညွန့်နဲ့ မန္တလေးတိုင်း လူငယ် ခေါင်းဆောင် ကိုဇော်ဇော်အောင်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအကြောင်းကို RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။