နိုင်ငံရေးပါတီများ၏ လုပ်ပိုင်ခွင့်ကို ပိုတင်းကျပ်

ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့် ကြေညာချက် တစောင် သြဂုတ်လ ၁၉ ရက် ဒီကနေ့ အစိုးရထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

2010.08.19
election_local_office_305_Z မြန်မာစစ်အစိုးရ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်၏ ရန်ကုန်မြို့လည်ကောင် ရပ်ကွက်ရုံးခွဲတခု အပြင်ဘက်မှ မြင်ကွင်းဖြစ်ပါသည်။ (Photo: AFP)
AFP

ဒီကြေညာချက်အရဆိုရင် နိုင်ငံရေးပါတီတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ပိုပြီး တင်းကျပ်လိုက်တာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက RFA ကို ပြောပါတယ်။

“စည်းကမ်းတွေကို ကြည့်ရတာတော့ တော်တော်လေး တင်းကျပ်တယ်။ တင်းကျပ်တယ် ဆိုတာကတော့ ကျွန်တော်တို့ အစည်းအဝေးတွေ ဘာတွေ လုပ်မယ် ဘာညာဆိုရင် သူတို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းမယ်၊ သူတို့က လုံခြုံရေးအတွက် တာဝန်ယူမယ်ဆိုရင် ကျွန်တော်ထင်တယ် ဟို အစည်းအဝေးကို လာတက်မဲ့လူတောင် ရှိမယ်မထင်ဘူး ထင်တယ်။ အခု ကျွန်တော် ထင်တယ် ကျွန်တော်တို့ အစည်းအဝေးတွေ ဘာတွေကို ကိုယ့်ရဲ့ နေရာမှာ လုပ်ဖို့ပဲ ကောင်းမယ်ထင်တယ်။ အပြင်မှာ လုပ်မယ်ဆိုရင် အဲ ကန့်သတ်ချက်တွေက များတော့ အစည်းအဝေးမှာ ဥပဒေနဲ့ တခုခု ဖောက်ဖျက်ကျူးလွန်တာတွေ ဖြစ်သွားရင် အဲ မကောင်းဘူးပေါ့နော်။”

ကြေညာချက်ထဲမှာတော့ အချက်ပေါင်း ၁၀ ချက် ဖော်ပြထားပြီး အဓိကအားဖြင့် စည်းရုံးဟောပြောခွင့်နေရာကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ရဲ့ ခွင့်ပြုချက်ရမှာသာ ဟောပြောခွင့် ရှိမှာ ဖြစ်ပါတယ်။ စည်းရုံးဟောပြောမဲ့နေရာကိုလည်း ၇ ရက်ကြိုပြီး ကော်မရှင်ကို တင်ပြရမှာဖြစ်ပါတယ်။ ဒါအပြင် အများပြည်သူသွားလာတဲ့ ကျောင်း၊ အစိုးရရုံး၊ ဈေး၊ အားကစားကွင်း၊ ဘာသာရေးနဲ့ဆိုင်တဲ့ အဆောက်အဦးတဝိုက်မှာ စည်းရုံးဟောပြောခွင့်မရှိဘူးလို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတချို့ကတော့ ဒီကန့်သတ်ချက်တွေဟာ အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုတော့ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ ဝေဖန်ကြပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ သောကြာနေ့က ရွေးကောက်ပွဲကျင်းပမဲ့ ရက်ကို နိုဝင်ဘာလ ၇ ရက်နေ့အဖြစ် အတိအကျ သတ်မှတ်ကြေညာပြီးတဲ့နောက် နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတွေကို ဒီလကုန် နောက်ဆုံးထား တင်သွင်းရမယ်လို့ သတ်မှတ်ထားပါတယ်။

လွှတ်တော် အမတ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးခွင့် စည်းမျဉ်းစည်းကမ်း ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတချို့ရဲ့ တုန့်ပြန်ချက်တွေကို RFA  မှ မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။