ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ပြီးမှ ဂျပန်အစိုးရ ODA ပေးသင့်

ပြုပြင်ပြောင်းလဲမှုတွေကို သိသာထင်ရှားစွာ ဆက်လက်လုပ်ဆောင်တဲ့အပေါ်မူတည်ပြီး ဂျပန်အစိုးရအကူအညီ ODA ပေးသင့်တယ်လို့ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ FTUB မြန်မာအလုပ်သမားသမဂ္ဂနဲ့ RENGO ဂျပန် အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေက ပန်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်လာရောက်သော ဂျပန်လွှတ်တော် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာကီကို ကီကူတာ (ဝဲ) ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တွေ့ရပုံ။
မြန်မာနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်လာရောက်သော ဂျပန်လွှတ်တော် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာကီကို ကီကူတာ (ဝဲ) ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တွေ့ရပုံ။ (AFP)

ဒီလိုပန်ကြားပြောဆိုခဲ့တာနဲ့ပတ်သက်လို့ ဂျပန် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ TOSHIYUKI KATOက ပြန်လည်ဖြေကြားသွားတယ်လို့ FTUB ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာမင်းညိုက အာရ်အက်ဖ်အေကို ပြောပါတယ်။ ဂျပန် ဒုတိယနိင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဂျပန်နိင်ငံခြားရေးဌာနက ညွှန်ကြားရေးမှူးနဲ့ ဒုညွှန်ကြားရေးမှူးတွေနဲ့တွေ့တဲ့အခါ အဖွဲ့အစည်းတွေအနေနဲ့ ODA ကိစ္စ အကြံဉာဏ်ပေးနိုင်ခွင့်ကို စဉ်းစားမယ့်အကြောင်း သိခဲ့ရတယ်လို့လည်း ဒေါက်တာမင်းညိုက ပြောပါတယ်။

ဂျပန် နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံရာမှာ FTUB နာယက ဒေါက်တာမင်းညို၊ FTUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်နဲ့ RENGO ဂျပန် အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး Mr. Nakomo တို့ ပါဝင်ကြပါတယ်။