မတူပီမြို့မှာ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိလို့ ကိုးဦး ဒဏ်ရာရကြောင်း CDF ပြော

2021.12.30
မတူပီမြို့မှာ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိလို့ ကိုးဦး ဒဏ်ရာရကြောင်း CDF ပြော မင်းတပ်-မတူပီလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ယာဥ်တန်းကို ၂၀၂၁၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်
Photo: Chin Defence Force - Mindat

ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၁၄၀) တပ်နဲ့ ခရိုင်ရုံးအကြားက မြန်မာ့ ဆက်သွယ်ရေး (MPT) တာဝါတိုင်နားမှာ ဒီဇင်ဘာ ၂၉ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိတာကြောင့် ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ မတူပီမြို့ ချင်းကာကွယ်ရေးတပ် (CDF) အဖွဲ့က ပြောပါတယ်။

နေ့လယ် ၁ နာရီဝန်းကျင်လောက် စစ်ကောင်စီတပ်သားတွေ ကင်းလှည့်ရင်း မိုင်းနင်းမိတာဖြစ်တယ်လို့ မတူပီ (CDF) တပ်ရင်း -၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရေဂင်က ပြောပါတယ်။

"MPT တာဝါတိုင်နားမှာ ကိုးဦး ထိတယ်၊ ကိုးဦးထဲမှာ သုံးဦးကတော့ အခြေအနေမကောင်းဘူးလို့ ကြားတယ်" လို့ ကိုရေဂင်ကဆိုပါတယ်။

ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို ခလရ (၁၄၀) တပ်ထဲမှာရှိတဲ့ တပ်တွင်းဆေးရုံမှာပဲ ဆေးကုသ နေကြတယ်လို့လည်း ကိုရေဂင်က ပြောပါတယ်။

မနေ့ည ၉ နာရီခွဲ ဝန်းကျင်မှာတော့ မတူပီမြို့နယ်၊ ခရိုင်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ၁၂၀ မမ အပါအဝင် လက်နက်ကြီးတွေနဲ့ အနီးပတ်ဝန်းကျင်ကို အချက် ၂၀ ခန့် ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မိုင်းနင်းမိတဲ့ကိစ္စအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ဖနိုင်ရွာနဲ့ ငလိုက်ရွာကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ခရိုင်ရုံးကို မတူပီ (CDF) တပ်ရင်း - ၂ ကပဲ တိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။