ရှစ်လေးလုံးပြည်သူ့ပါတီ နာမည်နဲ့ ပြောင်းလဲမှတ်ပုံတင်


2018.04.01
88party-meeting-622.jpg နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ အရေးပေါ်စုံညီအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ရန်ကုန်မြို့ ခိုင်လီစားသောက်ဆိုင်မှာ ကျင်းပစဉ်
Photo: Waimar Tun/ RFA

၈၈ မျိုးဆက်ကျောင်းသားတွေအများစုပါဝင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ "ရှစ်လေးလုံးပါတီ" ကို "ရှစ်လေးလုံးပြည်သူ့ပါတီ" နာမည်နဲ့ ပြောင်းလဲမှတ်ပုံတင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်မြို့ ခိုင်လီစားသောက်ဆိုင်မှာ တိုင်းနဲ့ပြည်နယ် အသီးသီးက ပါတီဖြစ်မြောက်ရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အရေးပေါ်အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဥပဒေကြောင်းအရ ငြိစွန်းမှုမရှိပေမယ့် ဝေဖန်သူ အားလုံးကို လေးစားသမှုနဲ့ နာမည်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ပါတီဖြစ်မြောက်ရေး ဦးဆောင် အဖွဲ့ဝင် ဦးကိုကိုကြီး က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ ဥပဒေအကြောင်းအရ ညိစွန်းတယ်လို့ မတွေ့ပါဘူး။ အကြောင်းအချင်းအရာအရ အားလုံးကို လေးစားသမှုနဲ့ စုံညီဆွေးနွေးပြီး ဆုံးဖြတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ၆ ရက်နေ့ တင်ပြပြီးရင်တော့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကော်မရှင်ကနေ ပုံစံ (ခ) နဲ့ ခွင့်ပြုကြောင်း အကြောင်းပြန်ကြားပြီးရင်တော့ ရက် ပေါင်း ၃၀ အတွင်းမှာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်စရာတွေကို ဆောင်ရွက်ပါမယ်"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရှစ်လေးလုံး ဆိုတဲ့အမည်နဲ့ ပါတီမှတ်ပုံတင်ခွင့် တင်ပြထားပြီးနောက် ရှစ် လေးလုံး ဆိုတဲ့နာမည်ဟာ အများနဲ့သက်ဆိုင်တဲ့ အရေးတော်ပုံနာမည် ဖြစ်တာကြောင့် အဖွဲ့အစည်းတစ်ခုက အဲဒီနာမည်ကို သုံးစွဲတာမဖြစ်သင့်ဘူးဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာ ကန့်ကွက်ကြတာတွေရှိသလို အဖွဲ့အစည်းတချို့က ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်တာတွေလည်း ရှိခဲ့ပါတယ်။

အဲဒီလို ကန့်ကွက်မှုတွေရှိနေတာကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပါတီမှတ်ပုံတင်လျှောက်ထားသူတွေကို ခေါ်ယူတွေ့ဆုံပြီး ဥပဒေကြောင်းအရ ပါတီတည်ထောင်လိုသူ ၁၈ ဦးလုံးမှာ ငြိစွန်းမှု တစ်စုံတရာ မရှိကြောင်း ရှင်းပြခဲ့သလို ပါတီနာမည်အပေါ် ဝေဖန်နေမှုတွေရှိနေတဲ့အတွက် ပါတီ တည်ထောင်လိုသူတွေရဲ့ သဘောဆန္ဒကို မေးမြန်းခဲ့ပါတယ်။

ဧပြီလ ၆ ရက်နေ့မှာ ပါတီတည်ထောင်လိုသူတွေနဲ့ ကော်မရှင်တာဝန်ရှိသူတွေကြား ထပ်မံတွေ့ဆုံပြီး အဲဒီလို တေ့ွဆုံရာမှာ ပါတီနာမည်ပြောင်းလဲမှတ်ပုံတင်မှာ ဖြစ်တယ်လို့ ပါတီဖြစ်မြောက်ရေးဦးဆောင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။