ရှမ်းစစ်ပြေးဒုက္ခသည်တွေကို ၈၈ အဖွဲ့သွားရောက်ကူညီ


2015.11.26
shan-refugees-620.jpg ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်က ဟိုက်ပါနဲ့ ဝမ့်ဝ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်စုစုပေါင်း ၂ ထောင်ကျော်ရှိပြီး ဝမ်းရောဂါတွေခံစားနေရတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ မိုင်းရှူးမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးမှူးတွေကို ခေါ်ဆောင်သွားတယ်လို့ အဲ့ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုအောင်အောင်ကျော်က ပြောပါတယ်။

"ဆရာဝန်တွေပါမယ် အမျိုးသားသူနာပြု ဆရာတွေပါမယ်၊ ဆေးကုသရေး အစီအစဉ်နဲ့ အရင်ဆုံး ဆေးကု သရေးကိစ္စတွေ ကျနော်တို့လုပ်မယ်၊ နောက် သူတို့အတွက် စားစရာတွေ နောက်တစ်ခါ ခြုံစရာစောင် အနွေးထည်တွေပါမယ်၊ အဓိကအစီအစဉ်ကတော့ သူတို့ကို ဆေးဝါးကုသပေးဖို့၊ ကျန်းမာရေးစောင့်ရှောက်ပေး ဖို့အတွက် ကျနော်တို့ သွားတာပါ၊ ဝမ်းလျှောဝမ်းပျက်တွေ ဖြစ်နေတယ်၊ ဝမ်းကိုက်တဲ့ရောဂါတွေ စဖြစ်နေ တာတွေ့ရတယ်၊ နောက်တစ်ခုက ဖျားနာတဲ့ဟာကတော့ အများစုမှာ ဖျားနာတဲ့ဟာဖြစ်နေတာ တွေ့ရတယ်"

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်မတော်တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လ ၆ ရက်နေ့က စပြီး မိုင်းရှူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျေးသီး၊ လဲချား၊ မိုင်းနောင် စတဲ့မြို့နယ်အနီးတဝိုက်မှာလည်း တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံ တစ်သောင်းကျော်ရှိပြီး SSPP/SSA ဝမ်ဟိုင်းဌာနချုပ် အနီးတဝိုက်မှာ ဒေသခံ ၂၅ဝဝ လောက် ခိုလှုံနေရပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ မိုင်းနောင်နဲ့ လွိုင်လင်မြို့နယ်တွေက ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ကူညီပေးနိုင်ရေးအတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုအောင်အောင်ကျော်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။