၈၈ မျိုးဆက်ကျောင်းသားလုူငယ်များပါတီ အင်းစိန်မှာ စည်းရုံးရေးလုပ်
2010.09.13

ဒီလုပ်ရပ်ဟာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့ ထင်ယောင်ထင်မှား လုပ်ပြီး စည်းရုံးမဲဆွယ်တာ ဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ကျွန်တော်တို့ အင်းစိန်မြို့နယ်အတွင်းက အင်းစိန်မြို့ ဈေးကြီး တဈေးလုံး၊ နောက် လှိုင်မြစ်လမ်းတလျှောက် အဲဒီမှာ ဖြန့်ဝေသွားတာ တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေလည်း ရောင်းနေတယ်။ သူတို့ တံဆိပ်တွေနဲ့ တွဲဖက် ရိုက်ထားတဲ့ ဓာတ်ပုံပေါ့။ အဲဒီ ဖြန့်သွားတဲ့ အဖွဲ့အစည်း ၈၈ မျိုးဆက် လူငယ်များဆိုတာဟာ တကယ့် အသက်၊ သွေး၊ ချွေးနဲ့ ရင်းနှီးပြီးတော့ ပြည်သူ့အကျိုးစီးပွား လုပ်သွားတဲ့ ၈၈ မျိုးဆက် မဟုတ်ပါဘူး။ အခု ကြေညာချက်ထုတ်နေတဲ့ ၈၈ မျိုးဆက်ဆိုတာဟာ အတုအယောင်သာ ဖြစ်ပါတယ်။ အဲဒီ အတုအယောင်ကို ကျွန်တော်တို့ မဲပေးဖို့ ဆန္ဒမရှိပါဘူး။ ဘာဖြစ်လို့ မဲမပေးချင်တာလဲ ဆိုရင်တော့ သူတို့ဟာ အာဏာပိုင်အဖွဲ့အစည်းနဲ့ နှစ်ပေါင်းများစွာ ပူးပေါင်း လုပ်ကိုင်စားသောက်ပြီးတော့ စီးပွားရှာ ချမ်းသာနေတဲ့ လူတွေ ဖြစ်နေတယ်။”
ပါတီခေါင်းဆောင် ဦးရဲထွန်းကတော့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ နာမည်နဲ့ ခွပ်ဒေါင်း တံဆိပ်ဟာ သူတို့ နှစ်ပေါင်းများစွာ သုံးစွဲလာခဲ့တာဖြစ်ပြီး၊ အင်းစိန်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းအတွက် ခုလို စည်းရုံးဖြန့်ဝေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့က ပါတီမှတ်ပုံတင်ပြီးတော့ တရားဝင် လုပ်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဆိုတာ ရန်ကုန်တတိုင်းလုံး သိပြီးသားပါ။ ပြီးတော့ ဝေတဲ့စာကလည်း အသစ်အဆန်းမဟုတ်ဖူးလေ။ ကျွန်တော်တို့ ပြည်သူသို့ ပေးပို့သော သဝဏ်လွှာဆိုတာ ပြီးခဲ့တဲ့ ၆ လပိုင်းကတည်းက ဝေခဲ့တဲ့ စာပါ။ အခုကျတော့ ဘာလဲဆိုတော့ အဲဒီ အင်းစိန်မြို့နယ်မှာ ကျွန်တော်တို့ ပါတီက အဲဒီ ခေါင်းဆောင်တဦးပေါ့ဗျာ၊ ဦးလှထွန်း အဲဒီမှာ ဝင်ပြိုင်မှာဆိုတော့ အဲဒီ နယ်မြေလေးမှာ မနက်ကတော့ အင်အား ၃၅ ယောက်လောက်က သွားပြီးတော့ဗျာ၊ အဲဒါ ပြည်သူလူထုကို ဒီ သင်္ကေတလေးကို သိအောင် လိုက်လုပ်ကြတာပါ။”
၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (မြန်မာနိုင်ငံ) ပါတီဟာ ကိုယ်စားလှယ်လောင်း ၈၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားပါတယ်။ အဲဒီ ပါတီဟာ စစ်အစိုးရရဲ့ အထောက်အပံ့ ရရှိထားပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လက်ဝေခံပါတီတခု ဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ပါတီခေါင်းဆောင် ဦးရဲထွန်းကတော့ ဒီစွပ်စွဲပြောဆိုချက်တွေ မဟုတ်မှန် ကြောင်း ငြင်းဆိုပါတယ်။
ဦးရဲထွန်းဟာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဦးအေးလွင်ရဲ့ ညီအရင်းလည်း ဖြစ်ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (မြန်မာနိုင်ငံ) ပါတီ ခေါင်းဆောင် ဦးရဲထွန်းကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |