သြဂုတ်လ (၈) ရက်နေ့ကို မြန်မာ့ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖို့ အဆိုတင်သွင်း
2012.08.08

ဂျီစီဘီအေ အသင်းကြီးရဲ့ နဝမအကြိမ် ကွန်ဖရင့်အစည်းအဝေး မန္တလေးမြို့မှာ ကျင်းပခဲ့စဉ်က အမျိုးသားနေ့ သတ်မှတ်ခဲ့ဖူးတဲ့ သမိုင်းကြောင်း အစဉ်အလာအရ အခုနှစ် မန္တလေးမြို့မှာ ကျင်းတဲ့ ရှစ်လေးလုံးနေ့ကို ဒီမိုရေစီနေ့အဖြစ် သတ်မှတ်ဖို့ အဆိုတင်ရတာ ဖြစ်တယ်လို့ မောင်တင်သစ်က ပြောပါတယ်။
ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း ရှစ်လေးလုံး (၂၄) နှစ်အကြာမှာ ရှစ်လေးလုံးရဲ့ ကြွေးကြော်သံတွေ အရာထင်လာခဲ့ပြီလို့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း စစ်အစိုးရက ၈၈ ကျောင်းသားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို နယ်အနှံ့ ထောင်တွေဆီ ပို့ပစ်တာဟာ မိသားစုဘဝတွေ ကသောင်းကနင်းဖြစ်အောင် လုပ်ဆောင်ခဲ့တာ၊ အင်အားချည့်နဲ့ သွားအောင် လုပ်တာ ဆိုပေမယ့် အရှုံးထဲကအမြတ် အနေနဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ရရှိစေခဲ့သလို ဒီမိုကရေစီ နိုင်ငံရေး ပြည်ထောင်စုကွန်ယက် ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီနောက် ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို အပါအဝင် ရှမ်း၊ ကယား၊ ကချင်ပြည်နယ်တွေက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ကြပြီး မနက် ၁၀ နာရီခွဲမှာ ပြီးဆုံးခဲ့ပါတယ်၊
ဒီကနေ့ မန္တလေးမြို့မှာ ရှစ်လေးလုံးအခမ်းအနားကို ဒက္ခိဏာရာမ ဘုရားကြီးအလယ်တိုက်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး အစီအစဉ် ပထမပိုင်းမှာ သံဃာတော် ၈၈ ပါးကို ဆွမ်းနဲ့ ဝါဆိုသင်္ကန်းတွေ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလယ်တိုက်ဆရာတော်၊ ဘုရားကြီးတိုက် ဆရာတော်၊ မြဝတီဆရာတော်နဲ့ မစိုးရိမ်တိုက်သစ် ပဓာန နာယက ဆရာတော်တို့က သြဝါဒစကားတွေ မိန့်ကြားခဲ့ကြပါတယ်။
ဒီပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ ကျောင်းသားများအဖွဲ့၊ မန္တလေး ၈၈ ကျောင်းသားဟောင်းတွေ၊ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်က ပုဂ္ဂိုလ်တွေ၊ နိုင်ငံတဝန်းက ၈၈ ကျောင်းသားဟောင်းတွေ၊ ဗကသနဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံးဝင်တွေ၊ နိုင်ငံရေး မိသားစုဝင်တွေ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။