ရှစ်လေးလုံး အရေးတော်ပုံ ၂၆ နှစ်မြောက်နေ့ ကျင်းပ


2014.08.08
8888-26th-anniversary-305.jpg ၂၆ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံ-ဓမ္မပိယသာသနာ့ရိပ်သာမှာ သြဂုတ်လ ၈ နေ့ကကျင်းပစဉ်
Photo: Kyaw Zaw Win / RFA

ပြည်သူတွေတောင်းဆိုနေတဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေ ရရှိဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ညီညွတ်ဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ကျရောက်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ ၂၆ နှစ်မြောက်နေ့ အခမ်းအနားမှာ ပြောပါတယ်။

ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ် ကျိုက္ကဆံဓမ္မပိယ သာသနာ့ရိပ်သာမှာကျင်းပတဲ့ အခမ်းအနားမှာ ကိုမင်းကိုနိုင်က အခုလိုပြောခဲ့တာဖြစ်ပါတယ်။

"လက်နက်ကိုင်တော်လှန်ရေးလုပ်တာရယ်၊ နိုင်ငံရေး ပါတီထောင်တာရယ်၊ အရပ်ဘက်လူ့အဖွဲ့အစည်း လုပ်တာရယ် ၃ မျိုးရှိပါတယ်၊ အဲဒီ ၃ မျိုးကလည်း အချင်းချင်းဟန်ချက်ညီပေးပါ၊ ပြန့်ကျဲနေတဲ့ အင်အားတွေ အမှန်တရားအတွက် တိုက်ပွဲဝင်နေ တယ်၊ ဒါပေမဲ့ ပုံသဏ္ဍန် အငြင်းအခုန်ဖြစ်နေကြတဲ့သူတွေဟာ ဒီကိစ္စလေးကို ဝိုင်းပြီးတော့စဉ်းစားပေးပါ၊ ကျနော်တို့က တိုက်ပွဲကြားမှာ အင်မတန်ညီပါတယ်၊ ပြဿနာက မိုးလေးနေလေးသာလာပြီး ကော်ဇောနီခင်းပြီး ညစာစားပွဲတွေနဲ့ ကြုံကြပြီဆိုရင်ရှိတတ်ပါတယ်၊ မတူညီမှုကိုလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ကြည့်ပေးရင်း တူညီတဲ့ဗျူဟာတွေလည်း ဆွဲဖို့လိုပါတယ်"

ဒီနေ့အခမ်းအနားကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၈၈ လှုပ်ရှားမှု ရဟန်းပျိုများအဖွဲ့ စတဲ့ အဖွဲ့အစည်း ၂၁ ဖွဲ့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

၂၆ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားကျင်းပရေးကော်မတီက ထုတ်ပြန် တဲ့ကြေညာချက်မှာ ပြည်သူလူထုအားလုံးပါဝင်တဲ့ ပြည်ထောင်စုညီလာခံတစ်ရပ် ပေါ်ပေါက်လာရေးကို ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပါရှိပါတယ်။

ဒီနှစ်ပတ်လည် အခမ်းအနားမှာ ၈၈ အရေးတော်ပုံအတွင်း သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ရဟန်းရှင်လူတွေ၊ ထောင်ကျ ခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေရဲ့ ဓါတ်ပုံတွေကို ပြသထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်း သားတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

အလားတူပဲ ရှစ်လေးလုံး အရေးတော်ပုံ ၂၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရှစ်လေးလုံးကာလမှာ အသက်သေဆုံးခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ လွမ်းသူ့ပန်းခွေချ အလေးပြု ခဲ့ကြပါတယ်။

ဒီအခမ်းအနားကို တက်ရောက်ဂုဏ်ပြုခဲ့တဲ့ အဖြူရောင်တွဲလက်များအဖွဲ့က ကိုဘိုဘိုက အခုလို ပြောပါတယ်။

"၁၉၈၈ ခုနှစ်မှာ ကျဆုံးသွားတဲ့သူတွေကို သူတို့မျှော်မှန်းတောင်းတခဲ့တဲ့ အခြေအနေတွဟာ အခုချိန်အထိ မရသေးပါဘူး၊ ကျနော်တို့ ဒီရင်ပြင်လေးကို လုပ်ခဲ့ရတဲ့ရည်ရွယ်ချက်က အဓိကကျနော်ပြောချင်တာ ကျေးဇူး တရားအတွက်လုပ်ခဲ့ပါတယ်၊ ထိုပေးဆပ်ခဲ့ကြတဲ့သူတွေရဲ့ ကျေးဇူးတရားကို ကျနော်တို့အောက်မေ့သတိတ ရရှိခြင်းအားဖြင့် ဒါလေးကို ရင်ပြင်နီအနေနဲ့ လုပ်တာရှိပါတယ်"

ဒီနေ့ မြို့တော်ခန်းမရှေ့မှာကျင်းပတဲ့ အခမ်းအနားကို ဒီမိုကရေစီအင်အားစုတွေ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ပြည်သူ ၂၀၀ နီးပါးလောက် တက်ရောက်ခဲ့ပါတယ်။

RFA သတင်းထောက် မဝေမာထွန်း ရဲ့တင်ပြချက်ကိုနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။