၈၈ ကျောင်းသားများ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ် ဇွန် ၅ ရက်နေ့ စတင်မည်
2013.05.31
တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းရဲ့ ဖိတ်ကြားချက်အရ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့ဟာ ဇွန်လ ၅ ရက်နေ့မှာ တရုတ်ပြည်ကို တစ်ပတ်ကြာ လေ့လာရေးခရီး သွားရောက်မယ်လို့ သိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ ဒီခရီးစဉ်ဟာ တရုတ်ပြည်ကို သွားရောက်တဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး တရုတ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ မြစ်ဆုံစီမံကိန်း လုံးဝ ရပ်ဆိုင်းရေးအတွက် မေတ္တာ ရပ်ခံသွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက RFA ကို အခုလို ပြောပါတယ်။
"ကျနော်တို့ အလေးအနက်ထားပြီးတော့ ဆွေးနွေးစရာဆိုတဲ့ဟာကတော့ ကျနော်တို့အနေနဲ့ လောလောဆယ်မင်တာကတော့ မြစ်ဆုံကိစ္စ နောက်တခြားသော စီမံကိန်းကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ပေါ့ ပြောမှာဖြစ်ပါတယ်၊ အထူးသဖြင့်ကတော့ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့မှ မြစ်ဆုံရေကာတာစီမံကိန်းကို လုံးဝရပ်ဆိုင်းဖို့အတွက် တရုတ်ကိုမေတ္တာရပ်ခံဖို့လည်း ကျနော်တို့စဉ်းစားထားပါတယ်၊ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အစိုးရနဲ့ကြား ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တရုတ်အစိုးရအနေနဲ့ အဟန့်အတားမဖြစ်စေပဲ အထောက်အကူဖြစ်လာအောင် ကျနော်တို့ မေတ္တာရပ်ခံမှာဖြစ်ပါတယ်၊ ဒီအချက်အလက်တွေအပေါ်မှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်"
ရက်သတ္တပတ်ကြာ တရုတ်ပြည်လေ့လာရေးခရီးကို ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင်၊ မမော်မော်စန်းတို့ ပါဝင်မှာဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့အတူ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)လည်း တရုတ်ပြည်လေ့လာရေးခရီး သွားရောက်မှာဖြစ်ပါတယ်။