၈၈ မျိုးဆက် အများစု နိုင်ငံကူးလက်မှတ် ထုတ်မပေးသေး

၈၈ မျိုးဆက်ကျောင်းသား ဦးဆောင်သူတွေ ပြည်ပခရီးသွားလာဖို့ အတွက် နိုင်ငံကူး လက်မှတ်တွေကို အခုချိန်ထိ သက်ဆိုင်ရာက ထုတ်မပေးသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

၈၈ မျိူးဆက်ကျောင်းသားများ ဖြစ်ပါသည်။ Photo courtesy of 88 Generation Students Group

ထောင်ဒဏ် (၆၅) နှစ်နဲ့အထက် ချမှတ်ခံခဲ့ရတဲ့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင် (၁၉) ဦးဟာ လွန်ခဲ့တဲ့ (၅) လလောက် ကတည်းက လျှောက်ထားကြတာ ဖြစ်ပြီး အခုချိန်ထိ နိုင်ငံကူး လက်မှတ်တွေကို ထုတ်မပေးသေးဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပြောခွင့်ရသူ မမီးမီးက ဆိုပါတယ်။

"နိုင်ငံသားတိုင်းမှာ တူညီတဲ့ အခွင့်အရေး ရှိရမယ်။ ဒါပေမဲ့ ကျွန်မတို့ဆိုရင် ပတ်စ်ပို့ လျှောက်ထားတာ ၅ လနီးပါးရှိနေပြီ။ ဒီနေ့အထိ လုံး၀ ပတ်စပို့ ထုတ်မပေးသေးဘူး။ ဒီကြားထဲမှာ တချို့လူတွေ ရတဲ့သူရသွားပြီပေါ့နော်။ ထောင်ထဲက ပြန်ထွက်လာတာချင်းအတူတူ။ အဲဒီတော့ ကျွန်မတို့ ၈၈ မျိုးဆက်တွေ အပေါ်မှာ ဘယ်လိုမျိူး ဆက်ဆံနေသလဲဆိုတာ တွေးစရာ ဖြစ်လာပြီ။ သူတို့စာထဲမှာ ၂၁ ရက်အတွင်းရမယ်ဆိုတာကို အခုချိန်အထိ ဒီ ၆၅ နှစ်တန်းတွေက တယောက်မှ ပတ်စပို့ မရသေးပါဘူး။"

ကိုမင်းကိုနိုင် ကိုတော့ လာမယ့် စက်တင်ဘာလမှာ အမေရိကန် ပြည်ထောင်စုခရီးစဉ် ရှိနေတာကြောင့် သူတဦးတည်းကို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းက မှတ်ပုံတင်ရုံးကနေ နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း လူ့အခွင့်အရေး လှုပ်ရှားသူ ဥပဒေအကြံပေး ဦးအောင်သိန်းရဲ့ နိုင်ငံကူး လက်မှတ်ကိုလည်း ပြီးခဲ့တဲ့လက ဟောင်ကောင် ခရီးစဉ်က အပြန် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ပြန်လည် သိမ်းဆည်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org