၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကိုသံခဲ ဦးဆောင်တဲ့ ABSDF အဖွဲ့တို့တွေ့ဆုံ

လာမယ့် ၂၀၁၃ ခုနစ် နောက်ဆုံး ထားပြီး ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးအရ စုစည်းထားတဲ့ ညီလာခံတခုကို ပူးပေါင်းဖော်ဆောင်သွားဖို့ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဒီကနေ့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ဦးသံခဲနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုကိုကြီး၊ ကိုပြုံးချိုတို့ တွေ့ဆုံနေစဉ် Photo: RFA/Sai Tun Aung Lwin

နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဦးဆုံးအကြိမ်  မြန်မာနိုင်ငံကို လေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ABSDF ဥက္ကဌ ကိုသံခဲ ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ရုံးချုပ်ကို သွားရောက်ခဲ့ပြီး ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး အစရှိတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ  အခုလိုသဘောတူညီမှု ရရှိခဲ့တာလို့လည်း ဆွေးနွေးမှုအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က မီဒီယာတွေကို အခုလို ပြောပါတယ်။

" ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးအရစုစည်းထားတဲ့ ညီလာခံတစ်ခု (ဒါမှမဟုတ်) ဖိုရမ်တစ်ခုကို ဆက်လက်ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ပါတယ်"

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ အနာဂတ်ပြုပြင်ပြောင်းလဲမှုမှာ ဒီအဖွဲ့အစည်းတွေ အနေနဲ့ ဘယ်လိုဘယ်ပုံ ပါဝင်နိုင်မလဲဆိုတာကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဥက္ကဌ ဦးသံခဲ ဦးဆောင်တဲ့ ABSDF အဖွဲ့ ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး ABSDF အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွေ့အကြုံ သတင်းစားရှင်းလင်းပွဲကို ဇန်နဝါရီလ ၃ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org