ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၁၅၂ ယောက် ရွေးကောက်ပွဲဝင်မည်
၈၈ မျိုးဆက်ထဲက ထင်ရှားသူတချို့ ဦးဆောင်ကြတဲ့ ပြည်သူ့ပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၅၂ ယောက် ဝင်ရောက်ယှဉ်ပြိုင် သွားမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
-
ကျော်လွင်ဦး
2020-08-04 -
-
-
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး(ဝဲဘက်)ကို ၂၀၂၀ သြဂုတ် ၄ ရက်နေ့ကတွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA
၈၈ မျိုးဆက်ထဲက ထင်ရှားသူတချို့ ဦးဆောင်ကြတဲ့ ပြည်သူ့ပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် လောင်း ၁၅၂ ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
ပါတီက အမတ်လောင်းတွေ ရှောင်ရှားမယ့်နေရာတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ထဲမှာ ပါသင့်ပါထိုက်သူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီအနိုင်ရဖို့ထက် လွှတ်တော်ထဲမှာ အားကောင်းမောင်းသန် အလုပ်လုပ်နိုင်ရေးအတွက် ပါသင့်တဲ့ပုဂ္ဂိုလ်တွေ ပါလာနိုင်ဖို့ လိုအပ်တာကြောင့် အဲဒီလိုနေရာတွေကို အတတ်နိုင်ဆုံး ဂရုစိုက်ပြီး ရှောင်ရှားသွားမယ်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
ဦးကိုကိုကြီးကတော့ ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ပါတယ်။
ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်၊ တွဲဖက်အတွင်းရေးမှူး ၁ ဦးမာကီး၊ တွဲဖက်အတွင်းရေးမှူး ၂ ဦးကျော်ကျော်စိုးအပါအဝင် ဗဟိုအလုပ်အမှုဆောင် ကိုးဦးလည်း ရွေးကောက်ပွဲဝင်မှာဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းတွေထဲမှာ တိုင်းရင်းသားလူမျိုးစုဝင်တွေ ပါဝင်သလို အမျိုးသမီးအင်အားလည်း ၁၆ ဦး ပါဝင်တယ်၊ ဥပဒေပညာရှင်တွေ၊ လူငယ် ပညာတတ်တွေ၊ အငြိမ်းစား ပါမောက္ခချုပ်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ စတဲ့ အလွှာအသီးသီးက လူပုဂ္ဂိုလ်တွေကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။
ပြည်သူပါတီက မြို့နယ်ပေါင်း ၇၄ မြို့နယ်မှာ ပြည့်သူလွှတ်တော် ၄၁ နေရာ၊ အမျိုးသားလွှတ်တော် ၁၁ နေရာနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်မှာ နေရာ ၁၀၀ အပါအဝင် စုစုပေါင်း ၁၅၂ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်။
ရခိုင်၊ ကချင်နဲ့ ကယားပြည်နယ်တွေကလွဲပြီး အခြားနေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပြီး အများဆုံးပြိုင်မှာက ရန်ကုန်တိုင်းဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းကလည်း တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း အဖြစ် တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၉ ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဒီနေ့မှာပဲ ကြေညာခဲ့ပါတယ်။