ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ယောက်ဖဖြစ်သူ ကိုဖြိုးမင်းသိန်းက သူ တွေ့ရှိခဲ့ရတဲ့ ကိုဌေးကြွယ်ရဲ့ ကျန်းမာရေး အခြေအနေကို အခုလို ပြောပြပါတယ်။ "ကိုဌေးကြွယ်ကို လွန်ခဲ့တဲ့ ရက် ၂၀ လောက်က ကျနော် ထောင်ဝင်စာသွားတွေ့တော့ ကိုဌေးကြွယ်က ငွေ့ငွေ့ ဖျားနေတယ်။ အဲဒီအတွက် ထောင်ကနေပြီးတော့ ကျမ်းမာရေး စစ်ဆေးမှု တစ်ခုလုပ်ပေးမယ် ဆိုပြီးတော့ အဲဒီ စစ်ဆေးမှုဟာ ဓါတ်မှတ်ရိုက်ဖို့တို့၊ အီးစီဂျီ ရိုက်ဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထောင်မှာ ဆောင်ရွက်လို့ မရနိုင်တဲ့အတွက် သူ့ကို အပြင် ဆေးရုံကို ထုတ်ဖို့အတွက် အထက် အဆင့်ဆင့်ကို တင်ပြထားတယ်လို့ ကျနော်တို့ သိခဲ့ရတယ်။" ကိုဌေးကြွယ် အနေနဲ့ နှစ်လကျော် ဖျားနာနေတာနဲ့ ပတ်သက်လို့ ဆေးစစ်ခွင့်ပေးဖို့ မိသားစုတွေက တောင်းဆိုထားတာကို အာဏာပိုင်တွေဘက်က လိုက်လျောခဲ့တယ်လို့ သိရပါတယ်။ ဘူးသီးတောင် ဆေးရုံက ဆေးစစ်ချက်တွေကို ရန်ကုန်က အထူးကု ဆရာဝန်ကြီးတွေဆီ ပြသ တိုင်ပင်မယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ ကိုဌေးကြွယ်ရဲ့ကျန်းမာရေး အတွက် လိုအပ်ရင် ဆေးဝါး ပြည့်စုံတဲ့ ဆေးရုံမှာ တက်ရောက် ကုသခွင့်ပေးဖို့ အာဏာပိုင်တွေကို မိသားစုတွေက တင်ပြသွားမယ်လို့လည်း သိရပါတယ်။
ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ကျန်းမာရေးအခြေအနေ ဆိုးရွား
ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှာ ၆၅ နှစ်ကျော် ထိန်းသိမ်းခံထားရတဲ့ ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
