၈၈ မျိုးဆက် ကချင်ပြည်နယ် ကယ်ဆယ်ရေးခရီးထွက်
2015.02.04

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးရွာတဝိုက်က စစ်ပြေးဒုက္ခသည်တွေအတွက် ဆန်အိတ် ၁ ထောင်နဲ့ အခြားစားနပ်ရိက္ခာတွေကို လှူဒါန်းဖို့ ဒီနေ့ မြစ်ကြီးနားကို သွားမှာဖြစ်ပါတယ်။
ဆရာတော် ရဝေနွယ် (အင်းမ)နဲ့ မြစ်ကြီးနားဒေသခံတွေ ရဲ့ အကူအညီကို သူတို့အဖွဲ့က သွားရောက်ပေးအပ် မှာဖြစ်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ကိုမြအေးက RFA ကို ပြောပါတယ်။
"ဖားကန့်က ကံဆီးကျေးရွာကို သွားပြီးတော့မှ စစ်ဘေးဒုက္ခသည်တွေကို ဆန်အိတ်တစ်ထောင်နဲ့ တခြားစားစရာသောက်စရာတွေပါမယ်ပေါ့၊ အဲ့ဒါကို ကျနော်တို့ ဒီနေ့သွားလှူဖို့ရှိပါတယ်"
ကိုမင်းကိုနိုင်နဲ့ အဖွဲ့ကတော့ အမျိုးသားကဇာတ်ရုံမှာ ဒီနေ့ညကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ကဗျာအော်ပရာပွဲတက်ရောက်ပြီး၊ မနက်ဖြန်မှာ မြစ်ကြီးနားကို လိုက်သွားမှာဖြစ်ပါတယ်။ အဲဒီနောက် ၈၈ အဖွဲ့ဟာ စားနပ်ရိက္ခာတွေနဲ့အတူ မြစ်ကြီးနားကနေ ဖားကန့်ကိုသွားမှာဖြစ်ပါတယ်။
စစ်ပြေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာသွားရောက်လှူဒါန်းမယ့် ၈၈ မျိုးဆက်အဖွဲ့က ကိုမြအေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။