ဒီဆောင်ရွက်ပေးမှုဟာ လောလောဆယ် ယာယီပြေလည်မှုရဖို့ အတွက်ပဲဖြစ်ပြီး ရေရှည်ပြေလည်မှုရဖို့ဆိုရင် လွှတ်တော်က ဥပဒေပြဋ္ဌာန်းဖို့ လိုလိမ့်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုကိုကြီးက RFA ကို အခုလို ပြောပါတယ်။
"စားရေးသောက်ရေးကအစ ကျန်းမာရေးအရရော လုံခြုံရေးအရရော စိုးရိမ်ရတဲ့ အခြေအနေဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က သူတို့ကိုလုံခြုံတဲ့ အခြေအနေ လုပ်ငန်းခွင်ထဲကို ပြန်ရောက်ဖို့၊ အလုပ်ရှင်တွေ အနေနဲ့လည်းပဲ ဒီအပေါ်မှာ အလေးအနက်ထားပြီး သူတို့ စဉ်းစားဖြေရှင်းလာတယ် ဆိုရင်ကိုပဲ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့က အများကြီးလက်ခံပြီးတော့ ဒီထက်အသေးစိတ်ကို ထပ်ဆွေးနွေးကြမယ်ဆိုတဲ့ သဘောတူညီချက် ရရင်ကိုပဲ ကျွန်တော်တို့က ဒီအခက်အခဲကို လောလောဆယ် ကျော်လွှားနိုင်ဖို့ပေါ့လေ၊ အဲတာကို ဦးတည်ပြီး ကျွန်တော်တို့ ကြိုးစားနေကြတာ။ အားလုံးပြည့်စုံတဲ့ အဖြေတစ်ခုရဖို့ကတော့ အချိန်အများကြီး ယူရလိမ့်မယ်။ နောက်တစ်ခုက လွှတ်တော်ကနေပြီးတော့ အနိမ့်ဆုံးလုပ်ခလစာ ဥပဒေ ပြဋ္ဌာန်းပြီး အကောင်အထည်ဖော်မှ တရားဝင် သတ်မှတ်ချက်တစ်ခုဖြစ်မယ်"
လုပ်ခလစာ တိုးပေးဖို့နဲ့ အလုပ်သမားတွေအတွက် ရေရှည်အာမခံချက်ရှိတဲ့ အကာအကွယ်တွေရဖို့ ဆန္ဒပြနေတဲ့ စက်ရုံပေါင်း ရန်ကုန်မြို့မှာ ၂၀ လောက်ဖြစ်နေပါတယ်။ ဒါကြောင့် အလုပ်သမား ဒုဝန်ကြီး အပါအဝင် အရာရှိတွေ၊ အလုပ်ရှင်တွေ၊ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေပါတဲ့ မျက်နှာစုံညီ ညှိနှိုင်းဖြေရှင်းပွဲတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ဆောင်ရွက်နေတာပါ။
ဒီညှိနှိုင်းမှုမှာ တချို့ စက်ရုံတွေမှာ အလုပ်ရှင် အလုပ်သမားပြေလည်မှု ရနေပေမယ့်၊ တချို့စက်ရုံတွေမှာတော့ ယာယီသဘောတူညီမှုတွေကို အလုပ်ရှင်တွေဘက်က ပြန်ပြီးချိုးဖောက်နေတာတွေလည်း ရှိနေတဲ့အတွက် အလုပ်သမားတွေက ဆက်လက် ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုနေရိန်ကျော်က ဆက်လက်တင်ပြပါမယ်။